မင်္ဂလာပါ.. ပျိုမဒီတို့ရေ…. မိန်းကလေးတွေရဲ့ ဓမ္မတာစက်ဝန်းက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ပေါ် မူတည်ပြီး တချို့က ၃ ရက်ဘဲကြာသလို တချို့ကလည်း တစ်ပတ်လောက် ကြာတတ်ပါတယ်။ Menstruation လာတဲ့အချိန်မှာ တချို့ကတော့ နာကျင်မှုနည်းနည်းဘဲခံရတတ်ပေမယ့် တချို့မိန်းကလေးတွေမှာတော့ အိပ်ရာထဲကမထနိုင်လောက်အောင် နာကျင်တတ်ကြပါတယ်။

ဒါတွေက ပုံမှန်ဖြစ်သရွေ့တော့ ရာသီလာချိန်အတွက် စိတ်ပူစရာ မလိုပါဘူး။ ဒါပေမယ့် သင့်လစဉ် ရာသီစက်ဝန်းက ပုံမှန်မဟုတ်ဘဲ တစ်ခုခု ပြောင်းလဲလာတယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။

ရာသီသွေးဆင်းတာများခြင်း

သင့်ရာသီလာချိန်က ပုံမှန်ရက် ဒါမှမဟုတ် ခုနစ်ရက်ထက် ပိုကြာနေရင် ၊ တစ်နာရီလောက်နဲ့ Pad လျှံတဲ့အထိ သွေးဆင်းတာမျိုးဖြစ်လာရင် ဒါက Menorrhagia ဒါမှမဟုတ် တခြားကျန်းမာရေးပြဿနာရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ သွေးဆုံးရှုံးမှုကြောင့် မောပန်းနွမ်းနယ်ခြင်း၊ အားအင်နည်းပါးခြင်း နဲ့ အသက်ရှုမဝခြင်းတို့ ခံစားရနိုင်ပြီး ဒီလိုမျိုးဖြစ်လာရင် နီးစပ်ရာကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်သင့်ပါတယ်။

ပုံမှန်ချိန်မဟုတ်ဘဲရာသီလာခြင်း

ရာသီလာချိန်က မမျှော်လင့်ထားတဲ့အချိန် ဓမ္မတာလာတာက အဖြစ်များပြီး ဒုက္ခပေးတတ်တဲ့ ရာသီစက်ဝန်းပြဿနာပါ။ ရာသီသွေးမမှန်တာက အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး တခြားကျန်းမာရေးပြသနာများလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မကြာခဏ ဒီလိုပြဿနာကြုံတွေ့နေရရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရာသီမလာခြင်း

စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုလိုမျိုးအချက်တွေကြောင့် တစ်ခါတစ်ရံမှာ ရာသီစက်ဝန်းပျောက်တာမျိုး ဖြစ်တတ်ပေမယ့် ရေရှည်ပျောက်တာမျိုးဖြစ်လာရင်တော့ လျစ်လျူမရှုသင့်ပါဘူး။ ရာသီစက်ဝန်း အနည်းဆုံး သုံးကြိမ်လောက်ပျောက်နေရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

စိတ်ဓာတ်ကျတဲ့ ပြသနာဖြစ်ခြင်း

ရာသီမလာမီ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းများ ကျဆင်းလာတဲ့အခါ ဓမ္မတာမလာမီ ပုံမှန်စိတ်ခံစားချက်အပြောင်းအလဲများကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်အပြောင်းအလဲတွေ၊ စိတ်တိုတာ၊ ဒေါသထွက်တာ၊ နှစ်သက်တဲ့အရာတွေမှာ ပျော်ရွှင်မှုမရှိတာ၊ ဘဝကို ထိခိုက်စေတဲ့ တခြားလက္ခဏာတွေနဲ့ ရင်ဆိုင်နေတာဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

သည်းမခံနိုင်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း

ဓမ္မတာလာချိန် အဖြစ်များတဲ့ နောက်ထပ်ပြဿနာက ခေါင်းတစ်ခြမ်းကိုက်ရောဂါပါ။ သည်းမခံနိုင်လောက်အောင် ခေါင်းကိုက်ရောဂါခံစားနေရရင် ကိုင်တွယ်ဖြေရှင်းဖို့ ဆရာဝန်ထံ အကူအညီတောင်းပါ။