အမျိုးသမီးအင်္ဂါတဝိုက် အရေပြားယားယံမှု ဖြစ်စေတာဟာ ပေါင်ခြံမှိုစွဲခြင်းရောဂါကြောင့်ပါ။ လေဝင်လေထွက် မကောင်းခြင်း ၊ ချွေးစေးများထွက်ခြင်းနဲ့ ပူနွေးစိုစွတ်ခြင်းတွေကြောင့် မှိုနဲ့ဘက်တီးရီယားတွေ ခိုအောင်းကြီးထွားလို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အစပိုင်းမှာ ပေါင်ခြံတဝိုက် ယားယံမှုကိုဖြစ်စေတဲ့ အနီစက်နဲ့ အဖုအပိမ့်တွေ ထွက်လာပြီး နောက်ပိုင်းမှာတော့  ပေါင်အတွင်းပိုင်းနဲ့ တင်ပါးအပါ အဝင်တခြားသော ခန္ဓာကိုယ်အရေပြား‌တွေအထိ ကူးစက်ပြန့်ပွားလာစေနိုင်ပါတယ်။

ပေါင်ခြံမှိုစွဲခြင်းရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုတစိုက်လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။

အောက်ပါ တစ်ကိုယ်ရေးသန့်ရှင်းမှုဆိုင်ရာ အချက်တွေကို လိုက်နာခြင်းဖြင့် အင်္ဂါတဝိုက် ယားယံခြင်းကို သက်သာစေပြီး ပေါင်ခြံမှိုစွဲခြင်းရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။

(၁) အထူးသဖြင့် ချွေးအရမ်းထွက်စေတဲ့ လှုပ်ရှားမှု သို့မဟုတ် လေ့ကျင့်ခန်း တစ်ခုခုလုပ်ပြီးတိုင်းမှာ ပုံမှန် ရေချိုးပါ။

(၂) အင်္ဂါတဝိုက်နဲ့ ပေါင်ခြံနေရာကို အချိန်တိုင်း သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ ရေချိုးပြီးချိန်မှာလည်း အင်္ဂါတဝိုက်နဲ့ ပေါင်ခြံအရေပြားကို နူးညံ့ခြောက်သွေ့တဲ့ အဝတ်သန့်သန့်ဖြင့် ခပ်ဖွဖွသုတ်ကာ ခြောက်သွေ့အောင် ပြုလုပ်ပေးပါ။

(၃) အဆီပြန်စေတဲ့ ထုတ်ကုန်တွေ လိမ်းခြင်းမှ ရှောင်ကြဉ်ပါ။ အဆီပြန်စေတဲ့ ခရမ်င်နဲ့ ထုတ်ကုန်တွေဟာ ချွေးပေါက်တွေကို ပိတ်စေပြီး မှိုနဲ့ ဘက်တီရီးယားတွေ ပေါက်ဖွားစေဖို့ အားပေးပါတယ်။

(၄) အနီစက်နဲ့ အဖုအပိမ့်များ ဖြစ်ပေါ်နေတဲ့ အရေပြားနေရာကို ထိတွေ့ကိုင်တွယ်ပြီးတိုင်းမှာ လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောသန့်စင်ပါ။ မှိုရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေဖို့ မျက်နှာအပါအဝင် ခန္ဓာကိုယ်ရဲ့ အခြား အရေပြားနေရာတွေကို လက်နဲ့ ထိတွေ့ကိုင်တွယ်ခြင်း မပြုမိစေဖို့ အထူးသတိပြုသင့်ပါတယ်။

(၅) ယားယံမှုဖြစ်စေတဲ့ အရေပြားနေရာကို ခပ်ကြမ်းကြမ်းကုတ်ခြင်း ၊ ဖဲ့ခြင်းမျိုး မလုပ်ပါနဲ့။ မှိုစွဲတဲ့အရေပြားရောဂါဟာ ကုတ်လေယားလေဖြစ်စေသလို ဘက်တီးရီးယားပိုးမွှား ကူးစက်ပြန့်ပွားမှုကိုလည်း ပိုဖြစ်စေပါတယ်။

(၆) ယားယံမှုကို သက်သာစေဖို့ ရေအေးနဲ့ သေချာလေး ဆေးကြောသန့်စင်ပေးပါ။ ပလက်စတစ်အိတ်ထဲကို ရေခဲထည့်ပြီး နီမြန်းယားယံတဲ့နေရာတဝိုက်ကို ကပ်ပေးခြင်းကလည်း ယားယံမှုကို အတော်လေး သက်သာစေနိုင်ပါတယ်။

(၇) အတွင်းခံ ဘောင်းဘီတွေကို နေ့စဉ်ပုံမှန် လျှော်ဖွတ်သန့်စင်ပေးပါ။ အားကစားလုပ်ပြီးချိန်နဲ့ လှုပ်ရှားမှုတစ်ခုခုလုပ်ပြီးချိန်တွေမှာ အတွင်းခံ ဘောင်းဘီတွေ ချွေးစိုနေပါက ချက်ချင်း သန့်ရှင်းခြောက်သွေ့တဲ့ ဘောင်းဘီတစ်ထည် လဲဝတ်ပေးပါ။

(၈) တင်းကျပ်တဲ့ အဝတ်အထည်တွေ ၊ ခန္ဓာကိုယ်အရေပြားကို ပွတ်တိုက်မှုဖြစ်နိုင်တဲ့ အဝတ်အစားတွေကို ရှောင်ကြဉ်ပြီး လေဝင်လေထွက်ကောင်းမွန်တဲ့ ပွပွယယ ချည်သားဘောင်းဘီနဲ့ အဝတ်အထည်တွေကို ဦးစားပေးဝတ်ဆင်ပါ။

(၉) အင်္ဂါနဲ့ ပေါင်ခြံတဝိုက် ခြောက်သွေ့နေစေဖို့ ပေါင်ဒါမှုန့် လိမ်းပေးပါ။

(၁၀) အနီစက် အဖုအပိန့်နဲ့ ယားယံတဲ့အရေပြားနေရာကို ဆရာဝန်ညွှန်ကြားချက်ပါတဲ့ ပိုးသတ်ဆေး ၊ မှိုသတ်ဆေး၊ ဂျယ်နဲ့ လိမ်းဆေးတွေ ပုံမှန်ဂရုတစိုက် လိမ်းပေးပါ။