အသားအရေအတွက် အကောင်းဆုံး အိမ်တွင်းဆေးတစ်ခုကို ညွှန်းပါဆိုရင် ပန်းသီးရှာလကာရည်ကို ထိပ်ဆုံးက ညွှန်းရမှာပါ။

ပန်းသီးရှာလကာရည်ဟာ ဝက်ခြံနဲ့ အမဲစက်တွေကို ကုသပေးနိုင်ခြင်း၊ အသားအရေရဲ့ pH ကို ထိန်းညှိပေးခြင်း ၊ အရေပြားအတွင်းပိုင်းက အညစ်အကြေးတွေ ဖယ်ရှားသန့်စင်ပေးခြင်းနဲ့ အသားအရေ နီမြန်းယားယံခြင်းတွေကို ကာကွယ်ကုသပေးခြင်းစတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေအတွက် အသုံးပြုနိုင်တဲ့ မှော်ဆေးတစ်လက် ဖြစ်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ ပတ်ဝန်းကျင် အခြေအနေနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ အရာတွေကနေတဆင့် ဖြစ်ပေါ်လာတဲ့ အသားအရေ နီမြန်းယားယံခြင်းတွေအတွက် ပန်းသီးရှာလကာရည် ကိုအသုံးပြုနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ရေနဲ့ ပန်းသီးရှာလကာရည်

လက်နဲ့ ခြေထောက် အရေပြားပေါ်က နီမြန်းယားယံခြင်းတွေအတွက် အလွယ်ကူအရိုးရှင်းဆုံး အိမ်တွင်း ကုထုံးကတော့ ရေနဲ့ ပန်းသီးရှာလကာရည် ဖြစ်ပါတယ်။ အသုံးပြုနည်းကလည်း အရမ်းလွယ်ကူရိုးရှင်းပါတယ်။

ရေ ၂ ဆ ၊ ပန်းသီးရှာလကာရည် ၁ စကို ခွက်တစ်ခုထဲမှာ ရောထည့်ပေးပါ။ ပြီးရင် ဝါဂွမ်းစလေးနဲ့ တို့ပြီး နီမြန်းယားယံတဲ့ အရေပြားတဝိုက်ကို သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ အနီကွက်နဲ့ အဖုအပိန့်တွေပျောက်ကင်းသက်သာသွားတဲ့အထိ တစ်နေ့ကို ၂ – ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

ကျန်နေတဲ့ ရေနဲ့ ပန်းသီးရှာလကာရည် အရောဖျော်ရည်ကို Spray ပုလင်းထဲထည့်ပြီးလည်း နီမြန်းယားယံပြီး အဖုအပိန့်တွေ ဖြစ်ပေါ်နေတဲ့ အရေပြားနေရာကို ဖြန်းပေးနိုင်ပါတယ်။

(၂) ရေနွေးနဲ့ ပန်းသီးရှာလကာရည်

ဒီနည်းကတော့ အရေပြားပေါ်မှာ အလာဂျစ်လို အနီကွက်နဲ့ အဖုအပိန့်တွေ အများအပြား ထွက်ပေါ်နေချိန် ပြုလုပ်နိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကြက်သီးနွေး ရေနွေးဖြည့်ထားတဲ့ ရေချိုးဇလုံထဲကို ပန်းသီးရှာလကာရည် ၂ ခွက်ခန့် ရောထည့်လိုက်ပါ။

ထို့နောက် ရေချိုးဇလုံထဲမှာ မိနစ် ၃၀ ခန့်လောက် စိမ်ပေးရပါမယ်။ နီမြန်းယားယံတဲ့ အရေပြားနေရာကို နူးညံ့တဲ့ ဝါဂွမ်းစနဲ့ ညင်သာစွာ ပွတ်ပေးပါ။ အချိန်ပြည့်ရင်တော့ ရေချိုးချလိုက်လို့ ရပါပြီ။ ရေချိုးပြီးတဲ့အခါ အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ဖို့ Moisturizer ချက်ချင်းလိမ်းပေးရပါမယ်။

ယားယံခြင်းကို သက်သာစေဖို့ ချောင်ချောင်ချိချိရှိတဲ့ ချည်ထည်တွေ ဝတ်ဆင်ပေးပါ။ တစ်ပတ်ကို ၃ – ၄ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ သိသာထူးခြားတဲ့ ရလဒ်ကို ခံစားရမှာ ဖြစ်ပါတယ်။

(၃) အုန်းဆီနဲ့ ပန်းသီးရှာလကာရည်

အုန်းဆီနဲ့ ပန်းသီးရှာလကာရည် အရောအစပ်ကို အသားအရေအတွက် အစိုဓာတ်ထိန်းပေးနိုင်တဲ့ သဘာဝ Moisturizer တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။ အသားအရေရဲ့ pH ကို ထိန်းညှိပေးပြီး အသားအရေ အစိုဓာတ်ကို အချိန်ကြာကြ ထိန်းထားပေးမှာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ် က ဆေးဝါးဇီဝဗေဒဆိုင်ရာ လေ့လာမှုတစ်ခုအရ အုန်းဆီဟာ ရောင်ရမ်းမှုတွေကို လျှော့ချနိုင်ပြီး အသားအရေ နီမြန်းနာကျင်မှုတွေကို သက်သာစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အသုံးပြုနည်းကတော့ ခွက်တစ်ခုထဲမှာ ပန်းသီးရှာလကာရည် ၁ ဇွန်း ၊ သဘာဝအုန်းဆီ ၄ ပုံ ၁ ပုံခန့်ကို ရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။

ရလာတဲ့ အုန်းဆီနဲ့ ပန်းသီးရှာလကာရည် အရောအစပ်ကို အစိုဓာတ်ထိန်းခရင်မ်အဖြစ် နေ့စဉ် အသုံးပြုပေး နိုင်ပါတယ်။

(၄) မုန့်ဖုတ်ဆိုဒါ နဲ့ ပန်းသီးရှာလကာရည်

မုန့်ဖုတ်ဆိုဒါက အရေပြားအဖုအပိန့်တွေ ခြောက်သွေ့လျော့ပါးစေပြီး ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ပန်းသီးရှာလကာရည်နဲ့ ပေါင်းစပ်အသုံးပြုမယ်ဆိုရင်တော့ ကုသမှုက ပိုပြီး ထိရောက်မှုရှိစေမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ မုန့်ဖုတ်ဆိုဒါ လက်ဖက် ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ ပုံ ၊ ပန်းသီးရှာလကာရည် ၂ ဇွန်း ၊ ရေခွက်တဝက်ခန့်နဲ့ ပျားရည်အနည်းငယ်တို့ ဖြစ်ပါတယ်။

ခွက်တစ်ခုထဲမှာ ပျားရည်ကလွဲပြီး ကျန်ပါဝင်ပစ္စည်းတွေအားလုံးကို ရောထည့်ပြီး သမအောင်မွှေပေးရပါမယ်။ မွှေနေချိန်မှာ အမြှုပ်လေးတွေ တစီစီတက်လာပါလိမ့်မယ်။ ထိုအချိန်ကျမှ ပျားရည်ရောထည့်ပြီး ဆက်မွှေပေးရမှာ ဖြစ်ပါတယ်။ ရလာတဲ့ ဖျော်ရည်ကို တစ်နေ့တစ်ကြိမ်ခန့် သောက်ပေးမယ်ဆိုရင် အသားအရေ နီးမြန်းယားယံခြင်းတွေ လျော့ပါးသက်သာသွားမှာ ဖြစ်ပါတယ်။