ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ဆပ်ပြာတိုက်ရုံနဲ့ ဘက်တီးရီးယားတော်တော်များများကို ဖယ်ရှားပစ်လိုက်တယ်လို့ အများစုက ယူဆတတ်ကြပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်မှာ တကယ်သန့်ရှင်းဖို့လိုနေတဲ့ အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ကျန်နေပါသေးတယ်။

ဒါဆို ခန္ဓာကိုယ်မှာ နေ့တိုင်း ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တဲ့နေရာတွေက ဘယ်နေရာတွေလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) လျှာ

လျှာဟာ သောက်လိုက်တဲ့အချိုရည်တွေနဲ့ တခြားအစားအစာတွေမှာပါတဲ့ ဘက်တီးရီးယားတွေကို စုပ်ယူပေးတဲ့ ရေမြှုပ်နဲ့တူပါတယ်။ သင့်လျှာကို ပုံမှန်သန့်ရှင်းရေးမလုပ်ရင် ဘက်တီးရီးယားပိုးတွေ များလာမှာဖြစ်ပြီး အနံ့အသက်ဆိုးတွေထွက်လာမှာဖြစ်ပါတယ်။

လေ့လာမှုတစ်ခုအရ ခံတွင်းအနံ့ဆိုးထွက်ခြင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်က လျှာမှာရှိတဲ့ အစာအကြွင်းအကျန်တွေကြောင့်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ခံတွင်းနံ့ကောင်းအောင်ဆိုရင် ခံတွင်းနဲ့လျှာကို အဓိကသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

(၂) ချက်

ချက်ဟာ ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေထက် သန့်ရှင်းမှုလုပ်တာ အနည်းဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပါတယ်။

ဘက်တီးရီးယားတွေက အတွင်းဘက်ကျပြီး စိုစွတ်သောနေရာတွေမှာ အလွယ်တကူ စုပွားနိုင်တဲ့အတွက် ဗိုက်က အညစ်အကြေးတွေနဲ့ ချွေးတွေ စုပုံနေတာကြောင့် ချက်ကနေလည်း အနံ့ဆိုးတွေထွက်နိုင်ပါတယ်။

ဒါ့ကြောင့် ရေချိုးတဲ့အခါ ဆပ်ပြာတိုက်ရင် ချက်ကို ဦးစားပေးသန့်ရှင်းရေးလုပ်သင့်ပါတယ်။

(၃) ဦးရေပြား

တော်တော်များများက ဆံပင်လျှော်တဲ့အခါ ဦးရေပြားကို ဂရုမစိုက်မိကြပါဘူး။ တကယ်တော့ နေ့တိုင်းသာ ခေါင်းလျှော်နေမယ်ဆိုရင် ဦးရေပြားမှာရှိတဲ့ ဆံသားကို ကျန်းမာသန်စွမ်းစေပြီး အာဟာရဖြစ်စေတဲ့ သဘာဝအကျိုးပြုအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်သွားမှာပါ။

ဒီသဘာဝအဆီတွေ ဦးရေပြားမှာမရှိတဲ့အခါ ဗောက်တွေဖြစ်လာနိုင်သလို စနစ်တကျ မဆေးကြောဘူးဆိုရင်လဲ ဦးရေပြားမှာရှိတဲ့ ချွေးဂလင်းတွေကနေ အရည်ကြည်ဖုတွေ ဦးခေါင်းအရေပြားပြသနာတွေ ဖြစ်လာနိုင်ပါတယ်။

(၄) နားရွက်အနောက်ဘက်

နားရွက်နောက်ဘက် အရေပြားနေရာမှာ ချွေးတွေပုံပြီး အဆီကြည်ဂလင်းတွေကနေထွက်တဲ့ အဆီတွေ မြင့်မားစွာစုပုံတတ်ပါတယ်။ ဒါကြောင့်မို နားရွက်နောက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပေးဖို လိုပါတယ်။

ဘက်တီးရီးယားပိုးတွေ ကြီးထွားမှုကြောင့် နားရွက်နောက်ဘက်ခြမ်းက တစ်ခါတစ်ရံ ဒိန်ခဲလိုအနံ့လည်း ရတတ်ပါတယ်။ တစ်ခါတစ်ခါဆိုသလို နားကို သေချာမသန့်စင်ရင် ဒီဧရိယာတဝိုက်မှာ အမည်းစက်တွေလည်း ပေါ်လာတတ်ပါတယ်။

(၅) ခြေဖဝါး

လူတော်တော်များများက ရေချိုးနေစဉ် ခြေထောက်ကို ရေဆေးတာ ဒါမှမဟုတ် ပွတ်တိုက်တာတွေ သိပ်မလုပ်ကြပေမယ့် ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ရေချိုးတိုင်း ခြေဖဝါးကိုဆေးကြောသန့်စင်သင့်တယ်လို ဆိုပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူ့ရဲ့ခြေဖဝါးက အရေပြားပြဿနာနဲ့ ယားယံခြင်းတွေကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားနဲ့ မှိုတွေထိတွေ့ဖို့ အလွန်လွယ်ကူတဲ့အတွက်ကြောင့်ပါ။

ခြေဖနောင့်နဲ့ ခြေချောင်းတွေကြားမှာ အရေပြားပိုးဝင်တာ ဖြစ်နိုင်တဲ့အတွက် ဒီနေရာတွေကိုလဲ ဂရုစိုက်သန့်ရှင်းပေးသင့်ပါတယ်။