စိတ်ဖိစီးမှုဟာ ရေရှည်ကျန်းမာရေးပြဿနာ ဖြစ်လာနိုင်ပါတယ်။ တချို့ဆို စိတ်ဖိစီးမှုကို ကောင်းကောင်းကိုင်တွယ်ကုသမှု မရှိရာကနေ တစ်ဘဝလုံး ပုံမှန်စိတ်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ရှင်သန်သွားရတဲ့အထိ အခြေအနေ ဆိုးနိုင်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုက သင့်ကို ဒုက္ခမပေးခင်မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ မျှဝေပေးချင်ပါတယ်။

(၁) စိတ်သက်သာရာရမယ့် နေရာတစ်ခု ဖန်တီးထားပါ

စိတ်ဖိစီးမှု သိပ်များလာရင် ခဏလောက်ဖြစ်ဖြစ် စိတ်ဖိစီးစရာနေရာကနေ ခွာပြီး စိတ်သက်သာရာရမယ့်နေရာ တစ်ခုခုဆီ သွားဖို့ ပြောချင်ပါတယ်။ အလုပ်မှာဆို ကိုယ့်အလုပ်စားပွဲကနေ ခဏထပြီး တိတ်ဆိတ်အေးချမ်းတဲ့ နေရာတစ်ခုခုမှာ ခဏလောက် လမ်းလျှောက်နေပါ။

စိတ်ကို ဖြေလျှော့အနားယူပေးပါ။ ဒါမှမဟုတ်လည်း ကိုယ့်အခက်အခဲတွေကို ရင်းရင်းနှီးနှီး ယုံယုံကြည်ကြည် အကြံပေးနှစ်သိမ့်တတ်တဲ့ မိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံစကားပြောပါ။

(၂) စိတ်ရှုပ်ထွေးစရာ အာရုံတွေ လျှော့ချပါ

လူကို စိတ်ဖိစီးစေတဲ့ အာရုံတွေနဲ့ သိပ်နေထိုင်လွန်းတာက သင့်ရဲ့ စိတ်ဖိစီးမှုကို ပိုဆိုးရွားစေနိုင်ပါတယ်။ လူရဲ့ အာရုံခံအင်္ဂါစနစ်ကြီးတွေ ဖြစ်တဲ့ အရသာခံမှု ၊ အမြင်အာရုံ ၊ အသံ ၊ အနံ့ နဲ့ အထိအတွေ့ဆိုင်ရာ Sensory Input တွေက Stress တင်းမာမှုကို လှုံ့ဆော်နိုင်ပါတယ်။

စိတ်ဖိစီးရှုပ်ထွေးနေချိန်မှာ ရိုးရှင်းပြီး ပေါ့ပါးတဲ့ အစားအသောက်တွေ စားပါ ၊ စမတ်ဖုန်းသုံးတာ လျှော့ပါ ၊ ဆူညံပွက်လောရိုက်နေတဲ့ ပတ်ဝန်းကျင်ကနေ ခွာပါ ၊ စိတ်ကြည်လင်စေမယ့် သဘာဝအနံ့လေးတွေ နဲ့ သန့်သန့်ရှင်းရှင်း နေပါ။

(၃) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

စိတ်ဖိစီးနေပြီလို့ ခံစားရရင် တတ်နိုင်သလောက် Stress ရှိတဲ့ နေရာကနေ ခွာနိုင်အောင် ခွာဖို့ ကြိုးစားပါ။ စိတ်ဖိစီးမှုကို ကြာကြာ လက်မခံဘဲနဲ့ စိတ်သက်သာရာရအောင် နှလုံးသွင်းတာ ၊ အနားယူတာ ၊ ခရီးထွက်တာ နဲ့ စိတ်ချမ်းသာအောင် လေ့ကျင့်တာမျိုးအတွက် အချိန်ပေးပါ။