ခြေဖဝါးမှာ ချွေးစေးတွေထွက်ရင် အနံ့နံရုံတင်မဟုတ်ပဲ ဖိနပ်စီးရင်လည်း ချောနေတာမျိုးတွေဖြစ်တဲ့အပြင် ဖိနပ်အတွင်းပိုင်းတွေ စိုစွတ်နေတာမျိုး၊ ခြေထောက်မှိုစွဲတာမျိုးတွေ ဖြစ်တဲ့အတွက် အနှောင့်အယှက်ဖြစ်စေပါတယ်၊ နေရတာအဆင်မပြေတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ချွေးထွက်များလို့ ခြေဖဝါးတွေ အဆင်မပြေတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ရေများများသောက်ပါ

တစ်နေ့တာ ပုံမှန်ရေသောက်ရမယ့် ပမာဏအတိုင်း ရေသောက်ပြီး ခန္ဓာကိုယ်မှာ ရေဓာတ်ရှိနေခြင်းက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး ချွေးအလွန်အကျွံထွက်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေးပါ။

မှန်ကန်တဲ့ခြေအိတ်ကိုရွေးချယ်ဝတ်ဆင်ပါ

ခြေဖဝါးချွေးအရမ်းထွက်တယ်ဆိုရင် cotton သားဖြစ်တဲ့ ခြေအိတ်တွေက အဆင်မပြေပါဘူး။ အထဲမှာ စိုစွတ်နေတာမျိုးဖြစ်ပြီး ချွေးနံ့ဆိုး ထွက်လာစေပါတယ်။ အားကစားခြေအိတ်တွေဖြစ်တဲ့ athletic socks တွေကတော့ ချွေးကိုစုပ်ယူပေးနိုင်တဲ့အတွက် အရမ်းအဆင်ပြေပါတယ်။

Antiperspirant သုံးပါ

ဂျိုင်းချွေးထွက်ရင် ချွေးနံ့မနံအောင် Antiperspirant သုံးသလိုပဲ ခြေဖဝါးချွေးအရမ်းထွက်ရင်လည်း Antiperspirant သုံးနိုင်ပါတယ်။ ညအိပ်ယာဝင်ခါနီးတိုင်း ခြေထောက်ကို သန့်စင်ပြီး ရေခြောက်အောင်သုတ်ပါ။ ပြီးရင် Antiperspirant ဖြန်းပြီး အိပ်လိုက်ပါ။ မနက်မှ ရေဆေးချပါ။ တစ်ပတ်မှာ သုံးရက်လောက် လုပ်ပေးရင် ချွေးထွက်တာ သက်သာသွားပါလိမ့်မယ်။

Powder သုံးပါ

Powder က ခြေထောက်ချွေးထွက်ခြင်းကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ Type မျိုးကို ရွေးသုံးဖို့တော့လိုပါတယ်။ တချို့ powder တွေက ချွေးနဲ့ရောပြီး မှိုစွဲတာမျိုးတွေ ဖြစ်တတ်လို့ပါ။ Baby powder ကတော့ ချွေးထွက်ခြင်းကို ခဏတာ ထိန်းပေးထားနိုင်ပါတယ်။ အားကစားသမားတွေသုံးတဲ့ anti-fungal powder ကတော့ ချွေးတွေကို ပိုစုပ်ယူနိုင်ပြီး ခြေဖဝါးမသက်မသာဖြစ်ခြင်းမှလည်း ကာကွယ်ပေးတဲ့အတွက် အကောင်းဆုံးပါပဲ။

Black Tea နဲ့ ခြေထောက်စိမ်ပါ

ခြေထောက်စိမ်မယ့်ထဲကို ရေနွေးထည့်ပြီး Tea bag နှစ်ထုပ်ထည့်စိမ်ပါ။ ရေအေးသွားပြီဆိုမှ ခြေထောက်ထည့်စိမ်ပါ။ မိနစ် 30 လောက်စိမ်ပေးပါ။ တစ်ပတ်ကိုတစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ခြေဖဝါးချွေးထွက်တာ သက်သာလာစေပါတယ်။