လူတိုင်း အသက်အရွယ်အရ အိုခြင်းတရားကို ရှောင်လွဲသွားလို့ မရဘူးဆိုတာ မှန်ပေမယ့် အရွယ်မရောက်ခင် အိုမင်းရင့်ရော်နေတဲ့ရုပ် ဖြစ်နေတာကတော့ ကိုယ့်ရဲ့ မှားယွင်းနေတဲ့ နေ့စဉ်အလေ့အထတွေကြောင့်နဲ့လည်း ဆိုင်ပါတယ်။

အခုပြောပြမယ့် အလေ့အထတွေကတော့ ရှိရင်းစွဲ အသက်ထက် ရုပ်ပိုရင့်စေမယ့် နေ့စဉ်ဘဝထဲက အလေ့အထတွေအကြောင်း ဖြစ်ပါတယ်။

(၁) အိပ်ရေးပျက်များခြင်း

အိပ်စက်ခြင်းဟာ ရုပ်ရည်ကို ပျိုမျစ်နုနယ်စေပါတယ်။ အိပ်စက်ချိန်မှာ အရေပြားဆဲလ်တွေဟာ အသစ်ပြန်ဖြစ်စေနိုင်တာကြောင့် နေရောင်နဲ့ထိတွေ့ခြင်း ၊ လေထုနဲ့ဖုန်မှုန့်တွေကြောင့် အရေပြားဆဲလ်ပျက်စီးမှုတွေကို သဘာဝအတိုင်း ပြန်ကောင်းစေနိုင်ပါတယ်။

(၂) ရေသောက်နည်းခြင်း

ရေဟာ အသားအရေ စိုပြေကြည်လင်စေတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ ကိုယ်အလေးချိန်နဲ့အပူချိန်ကိုလည်း ရေနဲ့ထိန်းညှိနိုင်ပါတယ်။ နေ့တိုင်းမှာ ကိုယ်အလေးချိန်ရဲ့ ထက်ဝက်စာ ရေသောက်ပေးသင့်ပါတယ်။

တကယ်လို့ ပေါင် ၂၀၀ အလေးချိန် ရှိတဲ့ လူတစ်ယောက်ဟာ နေ့စဉ် ရေ ၁၂ ခွက် အနည်းဆုံး သောက်သုံးဖို့လိုပါတယ်။

(၃) စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများချိန်မှာ လူဟာအသက်ရှုမှု နည်းသွားတတ်ပါတယ်။ ဖိအားကြောင့်စိတ်ထိခိုက်နေချိန်မှာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်အရောက်နည်းပြီး ဇီဝကမ္မစနစ်ပါ ထိခိုက်နိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ် အချိန်ပေးပြီး တရားထိုင်တာ ၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တာမျိုးတွေကို အကျင့်လုပ်ထားသင့်ပါတယ်။

(၄) ဟင်းသီးဟင်းရွက် အစားနည်းခြင်း

နေ့တိုင်းမှာ အသီးအရွက်တစ်မျိုးမျိုး စားဖြစ်အောင် စားသင့်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတွေစားခြင်းဟာ ဆီးဝမ်းမှန်ကန်စေသလို အသားအရေကိုလည်း လှစေပါတယ်။

(၅) နေကာမျက်မှန် မသုံးခြင်း

နဖူးရေနဲ့ ပါးရေတွန့်တာတွေဟာ မျက်မှောင်ကျုံ့လွန်းလို့လည်း ဖြစ်တတ်ပါတယ်။ နေပူထဲ သွားတဲ့သူဟာ မျက်မှောင်ပိုကျုံ့ဖြစ်ပါတယ်။ ဒါကလည်းနေရောင်ကို မျက်လုံးကမခံနိုင်တာကြောင့်သဘာဝအတိုင်း မျက်ခွံနဲ့မျက်ခုံးတွေနဲ့ကာပေးရတာပါ။ UV ကာနိုင်မယ့် မျက်မှန်တပ်မယ်ဆိုရင်တော့ မျက်လုံးမကျုံ့ဖြစ်တော့တာကြောင့် အသားအရေမတွန့်တော့ပါဘူး။