မျက်နှာ အသားအရေဟာ အင်မတန် နုနယ်ပြီး ထိလွယ်ရှလွယ်တဲ့ အရေပြားနေရာတစ်ခု ဖြစ်တဲ့အတွက် တခြားသော ခန္ဓာ ကိုယ်အရေပြား အစိတ်အပိုင်းတွေ ထက်စာရင် ပိုပြီးတော့ ဂရုစိုက်သင့်ပါတယ်။

ဒီနေရာမှာ သိထားသင့်တဲ့ အချက်တစ်ခုက တချို့သော အိမ်တွင်းကုထုံးတွေနဲ့ အသားအရေထိန်းသိမ်းတာဟာ နည်းစနစ်မမှန်ရင် မျက်နှာ အသားအရေကို ၂ ဆ ပိုပြီး ပျက်စီးသွားစေနိုင်တယ်ဆိုတာပါပဲ။

ဒီဆောင်းပါးလေးမှာတော့ မျက်နှာ အရေပြားပေါ် လုံးဝလုံးဝ မတင်သင့်တဲ့ အဆိုးဆုံး အရာ ၆ ခု အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) မိခင်နို့

မိခင်နို့ဟာ အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေတာမျိုးတော့ မရှိပေမယ့် မိခင်နို့ တိုက်ရိုက်လိမ်းတာထက်စာရင် မိခင်နို့မှာ တွေ့ရတက်တဲ့ အဆီဓာတ် Lauric Acid ပါတဲ့ ခရင်မ်နဲ့ တခြား အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်တွေ အသုံးပြုတာက အသားအရေအတွက် ပိုပြီး သင့်လျော်ပါတယ်။

(၂) ပျားရည်

ပျားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို တားဆီးပေးပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ သဘာဝပစ္စည်းအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမယ့် အလွန်အကျွံသုံးစွဲဖို့တော့ မသင့်တော်ပါဘူး။ လေ့လာမှုတစ်ခုအရ ပျားရည်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဆပ်ပြာတွေထက် သာလွန်ကောင်းမွန်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

မျက်နှာ အသားအရေအတွက် ပျားရည်ကို စမ်းသုံးကြည့်ချင်တယ်ဆိုရင် ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အနိမ့်ဆုံး 10 UMF အဆင့်ရှိတဲ့ မန်နူကာပျားရည်(Manuka Honey) ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

(၃) Hair Spray

ဆံပင်ပုံသွင်းတဲ့ Hair Spray တွေကို အသုံးပြုတဲ့အခါ မျက်နှာ အရေပြားကို မထိတွေ့မိအောင် အထူးဂရုစိုက် အသုံးပြုဖို့ လိုပါတယ်။ Hair Spray တွေမှာပါဝင်တဲ့ ဆံပင်ကို စီးကပ်စေတဲ့ ဓာတုပစ္စည်းတွေဟာ အရေပြားခြောက်သွေ့ခြင်း သို့မဟုတ် ဓာတ်မတည့်ခြင်းတွေ ဖြစ်စေနိုင်ပြီး အသားအရေကို ဆိုးရွားစွာ ထိခိုက်ပျက်စီး စေနိုင်ပါတယ်။

(၄) သံပုယိုရည်

သံပုယိုရည်မှာ ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို ကြည်လင်ဝင်းပစေကာ ဝက်ခြံသက်သာစေတဲ့ အကျိုးအာနိ သင်တွေရှိတယ်လို့ တော်တော်များများ သိထားကြလို့ပါပဲ။ ဒါပေမယ့် တစ်ခုသိထားရမှာက သံပုယိုရည်မှာ အက်စစ်ဓာတ်ပါဝင်တာကြောင့် အလွန်အကျွံ အသုံးပြုမယ် ၊ နည်းစနစ်မမှန်မကန် သုံးမယ်ဆိုရင် မျက်နှာ အရေပြားကို နီမြန်းယားယံခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

တချို့သော သဘာဝအသီးအနှံတွေဟာ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ဓာတ်ပြုမှုဖြစ်စေပြီး ပြင်းထန်တဲ့ နီးမြန်းရောင်ရမ်းခြင်း ၊ အဖုအပိမ့်များထွက်ခြင်းစတဲ့ အရေပြား ပျက်စီးမှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၅) ရေပူ

ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်တာဟာ မျက်နှာ အရေပြား ပေါ်က ချွေးပေါက်တွေကို ပွင့်စေပြီး အရေပြားအတွင်းပိုင်းက အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးကာ အသားအရေကို နူးညံ့ဝင်းပစေတယ်လို့ လူသိများပါတယ်။

ဒါပေမယ့် ပူလွန်းတဲ့ရေနဲ့ မျက်နှာသစ်မယ် ဆိုရင်တော့ မျက်နှာ အသားအရေရဲ့ သဘာဝအစိုဓာတ်ကို လျော့ကျစေပြီး အရေပြား အဆီဂလင်းတွေကို ခမ်းခြောက်စေတာကြောင့် အသားအရေကို ထိခိုက်ပျက်စီးစေကာ ဝက်ခြံများထွက်လာ စေနိုင်ပါတယ်။

ဒါကြောင့် ရေနွေးနဲ့ မျက်နှာသစ်မယ်ဆိုရင် Goldilocks စည်းမျဉ်းအတိုင်း မပူလွန်း မအေးလွန်းတဲ့ ကြက်သီးနွေးရေနဲ့သာ မျက်နှာသစ်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။

(၆) အုန်းဆီ

အုန်းဆီဟာ ၉၀ ရာခိုင်နှုန်း မပျော်ဆီဖြစ်တာကြောင့် မျက်နှာအရေပြားကို ထိတွေ့မိတဲ့အခါ ချွေးပေါက်ပိတ်ဆို့ခြင်းနဲ့ ဝက်ခြံပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ အုန်းဆီကို တခြား ခန္ဓာကိုယ်အရေပြား ခြောက်သွေ့ယားယံခြင်းတွေအတွက် လိမ်းနိုင်ပေမယ့် မျက်နှာ အရေပြားနဲ့တော့ ဝေးဝေးထားသင့်ပါတယ်။