စိတ်ဓာတ်ကျခြင်းက လူတစ်ဦးနဲ့တစ်ဦး ကွဲပြားပေမယ့်လည်း စိတ်ကျရောဂါခံစားနေရတဲ့အခါမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ များသောအားဖြင့် တူညီကြပါတယ်။

အားကိုးရာမဲ့ခြင်းနဲ့မျှော်လင့်ချက်မဲ့ခြင်း

စိတ်ကျရောဂါခံစားရတဲ့သူတွေရဲ့ ခံစားချက်က ဘယ်သူ့မှကိုယ့်ဘက်မှာမရှိဘူး၊ အဆင်ပြေမှာမဟုတ်ဘူးဆိုပြီး အားကိုးရာမဲ့ခြင်းနဲ့ အရာရာကို မျှော်လင့်ချက်မဲ့တဲ့စိတ်တွေ ဖြစ်လာပါတယ်။

နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာစိတ်ဝင်စားမှုပျောက်ဆုံးလာခြင်း

အရင်ကစိတ်ဝင်စားခဲ့တဲ့ ဝါသနာတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ လူမှုရေးလှုပ်ရှားမှုတွေ အားလုံးကို စိတ်ဝင်စားမှုပျောက်ဆုံးလာပါတယ်။ နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားမှုမရှိတော့ပဲ ပျော်ရွှင်မှုနဲ့ ပျော်ရွှင်မှုကို ခံစားနိုင်စွမ်းတွေ ဆုံးရှုံးသွားပါတယ်။

အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်း

စိတ်ကျရောဂါကို ခံစားနေရတဲ့သူက ဗိုက်ဆာနေလည်း စားချင်စိတ်မရှိတဲ့အတွက် အစာမစားဖြစ်တာမျိုးတွေ ရှိလာပါတယ်။ အစာစားချင်စိတ်မရှိတော့တာမျိုးတွေ၊ တစ်လအတွင်းမှာ ကိုယ်အလေးချိန်က 5% ထက်ပိုတဲ့ ပြောင်းလဲမှုတွေ စတင်ဖြစ်လာပါတယ်။

အိပ်ချိန်အပြောင်းအလဲများ

အထူးသဖြင့် မနက်အစောကြီးအိပ်ယာနိုးတာ၊ ဒါမှမဟုတ် အိပ်မပျော်တာမျိုးတွေ ဖြစ်လာပါတယ်။ ဘယ်လိုပဲအိပ်ပျော်အောင်အိပ်အိပ် အိပ်မရတာမျိုး၊ အိပ်ပျော်သွားလည်း ခဏခဏလန့်နိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။

စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ခြင်း

စိတ်ဓာတ်ကျနေတဲ့အခြေအနေက ဆိုးလာရင် အလိုလိုဒေါသထွက်တာ၊ စိတ်တိုလွယ်တာတွေဖြစ်ပြီး ခံစားချက်ကိုမထိန်းချုပ်နိုင်ပဲ ကြမ်းတမ်းလာတာ၊ ဘာမှမစဉ်းစားပဲ လုပ်လိုက်မိတာ၊ သည်းခံနိုင်စွမ်းတွေ လျော့ကျလာတာ၊ တုန်လှုပ်ပြီး စိတ်မငြိမ်မသက်ခံစားရတာမျိုးတွေ ဖြစ်လာပါတယ်။

Energy လျော့ကျခြင်း

စိတ်ကျရောဂါခံစားနေရတဲ့အခါ မောပန်းနွမ်းနယ်ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရပြီး တစ်ကိုယ်လုံး လေးလံသွားသလို သေးငယ်တဲ့အလုပ်တွေတောင်မှ လုပ်ရတာ ပင်ပန်းနွမ်းနယ်နေသလို ခံစားရပါတယ်။ အားမရှိသလို ရင်တုန်ပြီး ခေါင်းမူးသလိုတွေလည်း ခံစားလာရပါတယ်။

မိမိကိုယ်ကိုအပြစ်တင်စိတ်များလာခြင်း

စိတ်ကျရောဂါခံစားနေတဲ့သူတွေမှာ တွေ့ရတဲ့ နောက်ထပ်လက္ခဏာကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူး၊ အသုံးမကျဘူး၊ အသုံးမဝင်ဘူးလို့ ခံစားလာရပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ဝေဖန်တာတွေ ပိုများလာပါတယ်။ တစ်ခုခုဆို အာစုံစူးစိုက်နိုင်စွမ်းတွေလည်း မရှိတော့ပဲ ဆုံးဖြတ်ချက်အမှားတွေကို လုပ်တတ်လာကြပါတယ်။