လူဆိုတဲ့ ဘဝကို ဖြစ်တည်ရရှိပြီးတဲ့နောက် သင့်ရဲ့ဘဝမှာ အလိုအပ်ဆုံးအရာဟာ ဘာဖြစ်မယ်လို့ထင်ပါသလဲ။မျက်လုံးကို စုံမှိတ်ပြီး စဉ်းစားကြည့်လိုက်ပါ။ငါ့ဘဝရဲ့ အလိုအပ်ဆုံးအရာဟာ ဘာပါလိမ့်လို့…။လိုချင်တာတွေ အများကြီးထွက်လာလိမ့်မယ် ထင်ပါတယ်။တကယ်တော့ သင့်ရဲ့ ဘဝမှာ လိုအပ်တဲ့ အရာတွေဟာ အရာဝတ္ထုသက်ရှိပစ္စည်းတွေမဟုတ်ပါဘူး။သင် ရှာဖွေလို့ မတတ်စွမ်းနိုင်တဲ့အရာလည်း မဟုတ်ပါဘူး။တကယ်ကို သင်ဘဝအတွက် အလိုအပ်ဆုံးအရာဟာ သင်ကိုယ်တိုင်သာ တတ်စွမ်းနိုင်တဲ့ ပျော်ရွှင်မှုဆိုတဲ့ အရာပဲဖြစ်ပါတယ်။ပျော်ရွှင်မှုကို ရဖို့ သင် ဘာတွေလုပ်ရမလဲ။

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ အဆိုရှိပါတယ်။သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ ကျန်းမာရေးအပေါ်မှာ အခြေတည်မှီနေတာပါ။ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အာဟာရဖြစ်ပါတယ်။နေမကောင်းဖြစ်နေရင် လူဟာ မပျော်ရွှင်နိုင်တော့ပါဘူး။ဘဝမှာ ပျော်ရွှင်စရာနေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကျန်းမာဖို့က နံပါတ်တစ်အရေးကြီးဆုံးနေရာကနေ ဦးဆောင်နေပါတယ်။ဒါ့ကြောင့်မို့  ကျန်းမာညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ပြုမူနေထိုင်ရပါမယ်။

ဒုတိယအချက်ကတော့ သင့်ရဲ့ လုပ်ငန်းခွင်ပါ။မနက်မိုးလင်းတာနဲ့ အလုပ်ကို လာပြီး ညမိုးချုပ်မှ အလုပ်ကနေဆင်းရတဲ့ သင့်အတွက် လုပ်ငန်းခွင်မှာ မပျော်ရွှင်ရဘူးဆိုရင်တော့ သင့်အတွက် နေ့ရက်တိုင်းက စိတ်ဆင်းရဲစရာတွေပြည့်နေမှာပါပဲ။လုပ်ငန်းခွင်တိုင်းမှာတော့ ကိုယ်နဲ့ ကီးမကိုက်တဲ့သူတွေ ၊ အတူအလုပ်တွဲလုပ်ဖို့ စိတ်ပျက်ရတဲ့သူတွေကတော့ ရှိနေစမြဲပါပဲ။ဒါပေမယ့် ဒီလူတွေအတွက် ကိုယ့်ရဲ့ ပျော်ရွှင်မှုကို စတေးလိုက်ဖို့ကတော့ လုံးဝမတန်ပါဘူး။ဒါကြောင့် လုပ်ငန်းခွင်အတွင်းမှာလည်း ပျော်ရွှင်အောင် နေဖို့က အရေးကြီးပါတယ်။ကိုယ်နဲ့ အဆင်မပြေကီးမကိုက်တဲ့သူတွေကို ကျောခိုင်းပြီး ဥပေက္ခာပြုလိုက်ပါ။

တဆက်တည်းမှာပဲ လုပ်ငန်းခွင်လို့ ဆိုတဲ့နေရာမှာ သင်အမှန်တကယ် ဝင်ငွေရှာဖို့ ဆုံးဖြတ်ပြီး ဝင်ရောက်လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်ဟာ သင် ဝါသနာပါရာ ရပ်ဝန်းတစ်ခုတော့ ဖြစ်ဖို့လိုပါတယ်။ကိုယ်ဝါသနာပါတဲ့အလုပ်လည်းမဟုတ် လုပ်ငန်းခွင်မှာလည်း အဆင်မပြေတဲ့သူတွေရှိနေတယ်ဆိုရင်တော့ အလုပ်ကနေ အမြန်ဆုံးထွက်လိုက်ပြီး ကိုယ်ဝါသနာပါရာရပ်ဝန်းဆီ ခြေလှမ်းလိုက်ပါ။ဘယ်အရာကမှ သင့်ပျော်ရွှင်မှုအတွက် နောက်မကျနေပါဘူး။သင်သာ စိတ်အားထက်သန်မယ်ဆိုရင် ဝါသနာပါရာအရပ်မှာ ပျော်ရွှင်မှုနဲ့အတူ အောင်မြင်မှုကိုပါ ဒွန်တွဲရရှိဦးမှာပါ။

နောက်ထပ်သင့်ကို ပျော်ရွှင်စေမှာကတော့ အချိန်ပါ။အချိန်က ပျော်ရွှင်မှုနဲ့ ဘာဆိုင်သလဲလို့ တွေးကောင်းတွေးနိုင်ပါတယ်။အချိန်ကို သေချာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် သင်ဟာ အပျော်ရွှင်ရဆုံးလူသားဖြစ်သွားမှာပါ။ဘယ်အရာကိုမှ အလောသုံးဆယ်ပြာယာခတ်မနေဘဲ အချိန်တိကျလွန်းတဲ့လူအဖြစ် လူအများရဲ့ လေးစားသဘောကျမှုကိုပါ ရရှိနိုင်ပါတယ်။

သင့်ကို ပျော်ရွှင်စေမယ့်နောက်ဆုံးအရာတွေကတော့  မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေပါ။သူတို့အတွက် တတ်နိုင်သလောက် အချိန်ပေးပြီး တွေ့ဆုံပါ။ပျော်ရွှင်ရယ်မောမှုတွေကို မျှဝေပါ။ဒီရှားပါးအချိန်လေးတွေဟာ သင့်ကို လွတ်လပ်ပေါ့ပါးပျော်ရွှင်စေတဲ့ အချိန်လေးတွေပဲဖြစ်ပါတယ်။သင့်ကို ဘယ်သူကမှ မိသားစုလောက် ချစ်မြတ်နိုးမှာမဟုတ်သလို ပြောမနာဆိုမနာသူငယ်ချင်းတွေရဲ့ အော်ဟစ်ရယ်မောသံတွေကလည်း သင့်ရဲ့ ကြုံတွေ့နေရတဲ့ စိတ်ညစ်မှုသောကတွေကို ဆေးကြောပေးနိုင်တဲ့ တစ်ခုတည်းသော ဖြေရှင်းမှုလေးတွေပါပဲ။

ကဲ…..နေ့စဉ်ဘဝမှာ လွတ်လပ်ပျော်ရွှင်စေနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ဒီအချက်လေးတွေကိုသာ တကယ်လိုက်နာကျင့်သုံးသွားမယ်ဆိုရင် သင့်ရဲ့ နေ့ရက်တိုင်းဟာ ပျော်ရွှင်ဖွယ်ရာ ဖြစ်နေမှာပါ။ပျော်ရွှင်မှုတွေနဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။