ညဘက် အိပ်မယ့်ကိစ္စမှာ ဘာဝတ်ရမလဲဆိုတာ အရေးကြီးလို့လားလို့ ယူဆကြသူတွေ ရှိပါတယ်။ ကျန်းမာရေးအမြင်အရ ပြောမယ်ဆိုရင် ညအိပ်အဝတ်အစား ရွေးချယ်မှုကလည်း အရေးကြီးတဲ့ ကိစ္စပါပဲ။

ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားကလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်က အပူတွေ လျော့ကျပြီး သက်တောင့်သက်သာ ရှိသွားဖို့လည်း ညအိပ်ဖို့ လိုက်ဖက်တဲ့ အဝတ်အစားမျိုး ရွေးဝတ်ပေးရပါတယ်။

မှန်ကန်တဲ့ ညအိပ်အဝတ်အစား ဝတ်ဆင်မှုက လူရဲ့ ကျန်းမာရေးအရရော စိတ်နဲ့ကိုယ် သက်တောင့်သက်သာ ရှိသွားဖို့အတွက်ပါ အရေးကြီးတာဖြစ်လို့ ညဘက် အိပ်ရာဝင်ဝတ်ဖို့ အဝတ်အစား ဝတ်မယ်ဆိုရင် စဉ်းစားသင့်တဲ့ အချက်လေးတွေ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

ညအိပ်ဝတ်စုံက ဝတ်ရတာ သက်တောင့်သက်သာ မရှိဘဲ ကျပ်နေရင်ဖြစ်ဖြစ် ဝတ်တဲ့အဝတ်အစားရဲ့ ချည်က ယားတာ ၊ မာခေါက်တာတွေ ရှိနေရင် ဖြစ်ဖြစ် လူရဲ့ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ပထမဆုံး အကြံပေးချင်တာက ချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအေးအေးလေးတွေနဲ့ အဝတ်အစားမျိုး ဝတ်ဖို့ ဖြစ်ပါတယ်။

ဝါချည်လို ချည်မျိုးက လေဝင်လေထွက်ရှိလို့ အသားအေးပြီး နူးလည်း နူးညံ့ပါတယ်။ တစ်ခုရှိတာက ညဘက် ချွေးတွေ သိပ်ထွက်လွန်းတဲ့သူ ဆိုရင်တော့ ဒါက အကောင်းဆုံး အဖြေတော့လည်း မဟုတ်ပါဘူး။

ပိုက်ဆံ တတ်နိုင်ရင်တော့ ပိုးထည်သား Silk ချည်မျိုး နဲ့ ချုပ်ထားတဲ့ ညအိပ်ဝတ်စုံတွေ ဝယ်သင့်ပါတယ်။ ပိုးသားတွေက နူးညံ့ပြီး သက်တောင့်သက်သာ ရှိသလို ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ရာသီဥတု အေးနေချိန်မျိုးမှာ ပိုးချည်က နွေးစေပြီး ပူအိုက်တဲ့ ညဘက်တွေမှာ လူကို အေးအောင် အထောက်အကူ ဖြစ်စေပါတယ်။ လီနင်သားတွေကလည်း နူးညံ့ပြီး သက်တောင့်သက်သာ ရှိစေတာပါပဲ။

လီနင်ချည်က သဘာဝအတိုင်း အပူ နဲ့ စိုထိန်းဆတွေ စုပ်ထုတ်နိုင်စွမ်းရှိလို့ ညဘက်ချွေးထွက်တတ်သူတွေအတွက် အဆင်ပြေပါတယ်။ ပြဿနာက တွန့်ခေါက်လွယ်တာပဲ ဖြစ်ပါတယ်။

ဖလန်နယ်သားတွေက ဝတ်ရတာ သက်တောင့်သက်သာ ရှိပေမယ့် အပူသားတွေ ဖြစ်လို့ ချွေးသိပ်ထွက်ရင်တော့ ဝတ်ဖို့ အဆင်မပြေတဲ့အထဲမှာ ပါပါတယ်။

ပိုလီအီစတာ ၊ နိုင်လွန် နဲ့ လိုင်ကရာ ၊ စပန်းဒက်ချ် တို့လို ဓါတုချည်တွေက အပူလွန်ကဲစေပြီး ချွေးထွက်များစေလို့ ရှောင်ရမယ့် ညအိပ်အင်္ကျီချည်သားတွေထဲမှာ ထည့်ပြောရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က အဝတ်အစားပိုင်း ဖြစ်ပါတယ်။ ညဘက် အိပ်ရာမှာ ဝတ်တဲ့ အဝတ်အစားတွေဟာ တင်းကျပ်တဲ့ အဝတ်အစားမျိုးတွေ မဖြစ်ဖို့ လိုပါတယ်။

ကျပ်နေတဲ့အဝတ်အစားတွေဟာ သွေးလည်ပတ်မှုတွေကို အနှောက်အယှက် ဖြစ်စေပြီး လက်တွေနဲ့ ဒူးဒကောက်သားတွေကို တုပ်ထားသလို ဖြစ်ရာကနေ ညဘက်အိပ်စက်မှုကို ခက်ခဲစေနိုင်ပါတယ်။

ဆွဲသားချည်တွေနဲ့ ထုတ်ထားတဲ့ အောက်ခံ အဝတ်အစားမျိုးတွေကလည်း ခါးတွေမှာ နာကျင်တင်းကျပ်မှုဒဏ် ခံစားရစေလို့ ညအိပ်ရင် ချွတ်ထားဖို့ လိုပါတယ်။

ညအိပ်ချိန်မှာ အတွင်းခံတွေ ဝတ်အိပ်တာက ဘက်တီးရီးယားတွေ ပေါက်ပွားစေပြီး ယားယံမှုနဲ့ ပေါင်ခြံလို နေရာမျိုးတွေမှာ ကူးစက်ရောဂါမျိုးတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

ညစ်ပတ်နေတဲ့ ညအိပ်အင်္ကျီ Pajamas တွေကလည်း လူရဲ့ အရေပြားကို ဒုက္ခပေးနိုင်ပါတယ်။

ညအိပ်ချိန်မှာ အရေပြားဟာ အဝတ်အစားနဲ့ အချိန်ပြည့် ထိတွေ့နေတာ ဖြစ်လို့ ချွေးတွေ ၊ ချေးတွေနဲ့ ညစ်ပတ်နေတဲ့ Pajamas တွေ ဝတ်အိပ်မယ်ဆို ‌လူက ချွေးနံ့နံတာကြောင့် အိပ်ရခက်သလို ယားယံတာလိုမျိုး အရေပြားပြဿနာ ဖြစ်လာပြီး အိပ်လို့မပျော် ဖြစ်နိုင်ပါတယ်။

အိပ်ရာခင်း နဲ့ ခေါင်းအုံး ၊ စောင်တွေ ညစ်ပတ်နေရင်လည်း အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်လို့ အပတ်စဉ် လျှော်ဖွပ်သန့်ရှင်းပေးပြီးမှ သုံးဖို့ ပြောချင်ပါတယ်။

အဝတ်အစားလိုပဲ အိပ်ရာခင်း ၊ စောင် နဲ့ ခေါင်းအုံးတွေကို စက်ရုံထုတ် ဓါတုချည် Synthetic Fabrics နဲ့ ထုတ်တာမျိုး သုံးတာက ကိုယ်ချွေးနဲ့ အပူတွေ ပိုထွက်ပြီး လှောင်အိုက်စေလို့ ရှောင်ကြဉ်ဖို့ လိုပါတယ်။

အကောင်းဆုံးက လေဝင်လေထွက်ကောင်းတဲ့ ဝါချည်လိုမျိုး သဘာဝအပင်က ရတဲ့ ချည်တွေနဲ့ ရက်လုပ်ထားတဲ့ စောင် ၊ အိပ်ရာခင်းတွေ သုံးတာပဲ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကိုယ်လုံးတီး အိပ်စက်ခြင်းလို့ ခေါ်တဲ့ Sleeping Naked အလေ့အထတွေ ခေတ်စားလာနေပါတယ်။

Sleeping Naked အလေ့အထက အရေပြားကို အသက်ရှုပေါက် ပေးထားပြီး တစ်ကိုယ်လုံးက သွေးလည်ပတ်မှုကို အနှောင့်အယှက်မရှိ လွှတ်ထားတာဖြစ်လို့ သွေးလည်ပတ်မှု ကောင်းပြီး ဇီဝကမ္မဖြစ်စဉ် အရှိန်ကို မြှင့်တင်ပေးနိုင်ပြီး ကိုယ်တွင်းအဆီ Body Fat လောင်ကျွမ်းမှုပါ အထောက်အကူ ဖြစ်စေပါတယ်။

ဒါကြောင့် ညဘက် တစ်ယောက်တည်း အေးအေးဆေးဆေး အိပ်ရမယ်ဆိုရင် ချည်သားအင်္ကျီ ချောင်ချောင်ချိချိ ဝတ်အိပ်တာ အပြင် Sleeping Naked စတိုင်လည်း လုပ်ကြည့်ဖို့ ပြောချင်ပါတယ်။