တစ်ခါတစ်လေ အိပ်ပျော်ရခက်ခဲတဲ့ ညတွေ ကြုံဖူးကြမယ် ထင်ပါတယ်။ အိပ်မပျော်တဲ့ ပြဿနာက ဒီဘက်ခေတ် ပြောင်းလဲလာတဲ့ နေထိုင်မှုပုံစံတွေအရ လူတိုင်းနီးပါး ဖြစ်နေကြတဲ့ ပြဿနာတစ်ခုပါ။

လူက အိပ်ချင်ပေမယ့် အိပ်လို့လုံးဝမပျော်တဲ့အခါ အိပ်ရာထဲမှာပဲ အတင်းလှဲပြီး ကိုယ့်ကိုယ်ကို ဖိအားပေးနေတာက ပိုပြီးအိပ်ပျော်ရ ခက်စေပါတယ်။

အိပ်ပျော်သွားချင်ပေမယ့် အိပ်လို့မရအောင် လုပ်မိတတ်တဲ့ အမှားတွေလည်း ရှိပါတယ်။ ဒီထဲကမှ အဖြစ်အများဆုံး အမှားတွေ အကြောင်း ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။

(၁) နာရီပဲလှမ်းကြည့်မိနေတာ

အိပ်မပျော်တဲ့အခါ နာရီကိုပဲ ခဏခဏ လှမ်းကြည့်ဖြစ်ကြတယ် မဟုတ်လား။ ဘယ်နှစ်နာရီရှိနေပြီ ငါတော့ အိပ်သင့်နေပြီ ဒါပေမဲ့ အခုထိလည်း အိပ်လို့မပျော်သေးဘူးဆိုပြီး အတွေးတွေနဲ့ သောကများနေတာက ပိုပြီး အိပ်ပျော်ရခက်စေပါတယ်။

(၂) အရက်သောက်တာ

အရက်သောက်လိုက်ရင် မူးပြီး အိပ်ပျော်သွားမယ်လို့ ထင်မှတ်မှားတက်ကြပါတယ်။ တကယ်တော့ အယ်လ်ကိုဟောပါတဲ့ အဖျော်ယမကာတွေ ညအချိန်မှာသောက်တာက ပိုပြီး အိပ်ရခက်ခဲစေသလို အိပ်ပျော်သည်တိုင်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရစေပဲ မကြာခဏ အိပ်လိုက်နိုးလိုက်ဖြစ်ပြီး ပိုအိပ်ရေးပျက်စေပါတယ်။

(၃) အိပ်ဆေးတွေသောက်တာ

အိပ်ဆေးတွေသောက်မှ ပိုပြီး အိပ်မရဘူးဆိုတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ အိပ်ဆေးတွေက သဘာဝအတိုင်း အိပ်ပျော်သွားတာထက်ပိုပြီး ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခု မဖြစ်နိုင်ပါဘူး။

အိပ်ပျော်ခဲ့သည်ရှိသော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ဆိုတာလည်း မသေချာပါဘူး။ အိပ်ဆေးတွေက ကြာကြာစွဲသောက်လို့ မကောင်းသလို အိပ်ရာက နိုးလာချိန်မှာလည်း မလန်းမဆန်း ဖြစ်နေတက်ပါတယ်။

(၄) နည်းပညာ ပစ္စည်းတွေသုံးတာ

အိပ်မရတဲ့အခါ ဖုန်းလေးသုံး ၊ လက်ပ်တော့လေးကြည့်ပြီး မျက်လုံးညောင်းတဲ့အခါ အိပ်ချင်လာမယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ဖုန်း ၊ လက်ပ်တော့လို နည်းပညာ ပစ္စည်းတွေက ထွက်တဲ့ အပြာရောင် အလင်းတွေက ဦးနှောက်ကို လန်းဆန်းစေတာကြောင့် အိပ်ပျော်ရပိုပြီး ခက်စေပါတယ်။

ဒါကြောင့် အိပ်မပျော်ရင် ဖုန်းသုံးတာ ၊ လက်ပ်တော့နဲ့ ဇာတ်လမ်းတွေကြည့်တာမျိုး လုပ်မယ့်အစား စာအုပ်တစ်အုပ်ဖတ်လိုက်တာက ပိုပြီး အိပ်ပျော်စေနိုင်ပါတယ်။

(၅) အိပ်ရာထဲမှာပဲ ဆက်လှဲနေတာ

အိပ်မပျော်ပဲ အိပ်ရာထဲမှာ ဆက်ပြီး လူးလှိမ့်နေတာက ပိုပြီး အိပ်ပျော်ရခက်စေပါတယ်။ တစ်ခါတစ်လေ နာရီနဲ့ ချီပြီး အိပ်ရာထဲလှဲနေပေမယ့် လူကတော့ အိပ်လို့ မရသေးပါဘူး။

ဒီလိုအခြေအနေမှာ အိပ်ရာထဲက ခဏထွက်လိုက်ပါ။ ပူပူနွေးနွေး သောက်စရာတွေ ဖြစ်တဲ့ Green Tea သို့မဟုတ် နွားနို့တစ်ခွက်လောက် ထသောက်လိုက်ပါ။ ပြီးမှ အိပ်ရာထဲပြန်ဝင်ပြီး အိပ်လိုက်ပါ။ ကောင်းကောင်းအိပ်ပျော်သွားပါလိမ့်မယ်။