ကျောမှာဝက်ခြံအဆီဖုတွေထွက်ရင် ကုတ်မိဖဲ့မိတာနဲ့ အမာရွတ်တွေကျန်တာ၊ အနီစက်တွေဖြစ်တာကြောင့် ကျောဗြောင်တွေဝတ်တဲ့အခါ အဆင်မပြေဖြစ်ရပါတယ်။ ဒါကြောင့် ဖြစ်မှပျောက်အောင်လုပ်တာထက် မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်လို့ရအောင် ကျောမှာဝက်ခြံအဆီဖုထွက်တာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ဆပ်ပြာပြောင်အောင်လုပ်ပါ

ကျောမှာအဆီဖုတွေ၊ ဝက်ခြံတွေထွက်စေတဲ့ အဓိကအကြောင်းအရင်းကတော့ ရေချိုးရင် ဆပ်ပြာတိုက်တဲ့အခါ ဆပ်ပြာမပြောင်လို့ပါပဲ။ ဒါကြောင့် ရေချိုးရင် ဆပ်ပြာပြောင်အောင်လုပ်ပါ။ ခေါင်းလျှော်ရင်လည်း ခေါင်းလျှော်ရည်တွေ ကျောမှာမကျန်အောင် ရေသေချာချိုးပါ။

ကျောကို Scrub တိုက်ပေးပါ

Body ကိုတစ်ပတ်တစ်ခါ scrub တိုက်သလိုပဲ ကျောကိုလည်း scrub တိုက်ပေးပါ။ Dead cells တွေနဲ့ ချေးတွေ သန့်စင်ပေးတဲ့အတွက် မလိုအပ်တဲ့အဆီတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ဝက်ခြံအဆီဖုထွက်ခြင်းကိုလည်း မဖြစ်စေပါဘူး။

ရေချိုးမပျင်းပါနဲ့

တစ်ကိုယ်ရည်သန့်ရှင်းမှုက အရမ်းကိုအရေးကြီးပါတယ်။ ရေချိုးပျင်းရင် အညစ်အကြေးတွေက ချွေးတွေနဲ့ရောပြီး ကျောမှာ အဆီဖုတွေ၊ ဝက်ခြံတွေ အများကြီးထွက်လာပါလိမ့်မယ်။ ဒါကြောင့် ရေချိုးမပျင်းပါနဲ့။ ရေပုံမှန်ချိုးပေးပါ။

အဝတ်အစားတွေကိုမလျှော်ပဲပြန်မဝတ်ပါနဲ့

အဝတ်အစားတွေကို ခဏပဲဝတ်ထားတာဆိုပြီး ပြန်ဝတ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကျောက ချွေးအရမ်းထွက်ပါတယ်။ အင်္ကျီမှာ ချွေးတွေပေနေပြီးသားဖြစ်တဲ့အတွက် ရေချိုးပြီးပြန်ဝတ်ရင် အညစ်အကြေးတွေက အသားအရေမှာ ပြန်ကပ်သွားတာပါပဲ။ ဘာမှမထူးပါဘူး။ နောက်ဆက်တွဲဖြစ်လာမှာက ကျောမှာ ဝက်ခြံတွေပေါက်လာတာပါပဲ။

Workout လုပ်ပြီးရင်ရေချိုးပါ

Workout လုပ်ပြီးရင် ချွေးပုတ်တွေ၊ ချွေးတွေထွက်တဲ့အတွက် ရေချိုး၊ အဝတ်အစားလဲသင့်ပါတယ်။ ရေမချိုးပဲ အဝတ်အစားပဲလဲလိုက်တာမျိုးဆိုရင်လည်း ချွေးတွေက ရှိနေတဲ့အတွက် ကျောမှာဝက်ခြံပေါက်တာမျိုး၊ ချွေးငုပ်တာမျိုးတွေ ဖြစ်စေပါတယ်။

အိပ်ယာခင်းတွေပုံမှန်လဲပါ

အိပ်ယာခင်းတွေကို အနည်းဆုံး တစ်လတစ်ခါတော့ လဲပေးသင့်ပါတယ်။ အိပ်ယာခင်းတွေမသန့်ရှင်းရင်လည်း အသားအရေယားယံတာ၊ ကျောမှာဝက်ခြံပေါက်တာ၊ မျက်နှာမှာ ဝတ်ခြံပေါက်တာတွေ ဖြစ်စေပါတယ်။