သူငယ်ချင်းတွေဆုံပြီး ပျော်ပျော်ပါးပါး စားသောက်မလား။ ပါတီဖြစ်စေ၊ ကလပ်ကိုဖြစ်စေ အားလုံးစုံနိုင်တဲ့ ညဘက်မှာ သွားကဲကြမှာလား။ ဒါမှမဟုတ် ကိုယ်မသိတဲ့နေရာမှာဖြစ်ပါစေ၊ နိုင်ငံခြား သွားလည်ရင်းနဲ့ ဖြစ်ပါစေ၊ Night Out ထွက်ဖို့ စဉ်းစားနေပါသလား။

ဒီလို အစီအစဉ်ရှိတယ်ဆိုရင်တော့ ဘေးကင်းလုံခြုံရေးအတွက်လည်း အလေးထားပြီး ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Night Out ထွက်တဲ့အခါ ဘေးကင်းလုံခြုံစေဖို့ သတိထား လိုက်နာရမဲ့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

ကလပ်သွားသည်ဖြစ်စေ၊ ဘားသွားသည်ဖြစ်စေ အုပ်စုလိုက်သွားပါ။ ကလပ်ခန်းမ အတွင်းမှာလည်း တစ်ယောက်တည်းခွဲထွက်သွားခြင်း ကိုရှောင်ပါ။ အရေးပေါ်အတွက်အချင်းချင်း အချက်ပြမှုတွေလုပ်နိုင်အောင်ကြိုတင် စီစဉ်ထားပါ။

ယုံကြည်ရပြီး၊ ကောင်းစွာသိတဲ့သူများနဲ့ အနီးကပ်နေခြင်းက မကောင်းသောသူများ၏ ပစ်မှတ်ထားခံရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဘာသာစကား၊ နေရာဒေသကိုစိမ်းတဲ့ နေရာမျိုးမှာဆို ပိုသတိထားသင့်ပါတယ်။

Night Out ထွက်ရင် ဘေးကင်းလုံခြုံစေဖို့ နောက်ထပ် လိုက်နာရမဲ့ အချက်ကတော့ အဖျော်ယမကာကို အလွန်အကျွံ မသောက်မိဖို့ပါပဲ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ချင်လို့ Night Out ထွက်တာမှန်ပါတယ်။ ဒါပေမဲ့ အရက်သောက်တဲ့အခါ သတိရှိပြီး ကိုယ့်ခံနိုင်ရည် အားကိုမကျော်လွန်ပါစေနဲ့။

အရက်အလွန်အကျွံသောက်ခြင်းက ကိုယ်တိုင်အတွင် အန္တရာယ်များသည်သာမက အခြားသူများအတွက်ပါ အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ ထို့အပြင် အခြားသူများနဲ့ ခိုက်ရန်ဖြစ်ပွားသည် အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေပါ အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်းပေးပါ။

အပျော်ဖြစ် လို့ရပါတယ်၊ ဒါပေမဲ့ အပျက် မဖြစ်အောင် သတိထားပါ။ နိုင်ငံခြား သို့မဟုတ် ကိုယ်မသိတဲ့နေရာ စိမ်းမှာဆိုရင် ဒီအချက်ဟာ Night Out ထွက်ရင် ဘေးကင်းလုံခြုံစေဖို့ လိုက်နာသင့်တဲ့ အရေးကြီးဆုံး အချက်တစ်ချက်ပါ။

ဖုန်း၊ ပိုက်ဆံအိတ်၊ ID ကဒ်၊ ယာဉ်မောင်းလိုင်စင်စတဲ့ ပစ္စည်းတွေကိုသတိထားပါ။ ဒီပစ္စည်းတွေဟာ မကြာခဏ ခိုးယူခံရတတ်၊ ပျောက်တတ်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ မူးနေပါက ပိုပြီးပျောက်ရှဖို့ လွယ်ကူလို့ သတိပြုရပါမယ်။

ထိုပစ္စည်းတွေကို အိတ်အသေးထဲထည့်ပြီး ကိုယ်နဲ့မကွာရှိပါစေ။ အကောင်းဆုံးကတော့ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ယူမသွားတာ အကောင်းဆုံးပါပဲ။ ထိုပစ္စည်းတွေကြောင့် အန္တရာယ်ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

အမြဲတမ်း အသွားအပြန်အတွက် စီစဉ်ထားပါ။ ဒါမှမဟုတ် ပို့ဆောင်ပေးရန်နဲ့ ပြန်လည်ပို့ဆောင်ရန် ယုံကြည်ရတဲ့ သူတစ်ဦး အကူအညီတောင်းပြီး စီစဉ်ထားပါ။ Grab ဒါမှမဟုတ် Uber ကဲ့သိုသော Taxi Service များကို သုံးပါ။ အပိုစရိတ် အနည်းငယ် ကုန်နိုင်သော်လည်း ဘေးကင်းစွာ အိမ်ပြန်ရောက်ဖို့က ပိုအရေးကြီးပါတယ်။

အထူးသတိထားရမဲ့ အချက်ကတော့ Night Out မှာ အယ်လ်ကိုဟော သောက်သုံးဖို့ ရာခိုင်နှုန်းများသဖြင့် Night out ထွက်တဲ့သူအားလုံး ကိုယ်တိုင်ကားမောင်းခြင်းကို ရှောင်ကြဉ်ပါ။

နောက်တစ်ချက်ကတော့ သူငယ်ချင်းတွေနဲ့ ပြန်မဲ့အချိန်ကို ကြိုတင်တိုင်ပင်ထားပါ။ ထိုနောက် ပြန်ဆုံရမဲ့ စုရပ်ကိုလည်း သေချာပြင်ဆင် သတ်မှတ်ထားသင့်ပါတယ်။ ဒါမှသာ တစ်ယောက်တည်း ကျန်ခဲ့တာမျိုး သို့မဟုတ် အခြားတစ်ယောက်ယောက် ကျန်ခဲ့တာမျိုးမဖြစ်မှာပါ။

မှောင်နေသေးတဲ့ အချိန်မှာ တစ်ယောက်တည်း စောပြန်သွားမျိုး လုံးဝကိုရှောင်ရပါမယ်။ လမ်းပေါ်မှာလည်း မမျှော်လင့်တဲ့ အန္တရာယ်တွေ တွေ့ကြုံနိုင်လို့ ဖြစ်ပါတယ်။