အများစုကတော့ အသားအရေထိန်းသိမ်းဖို့ အာရုံစိုက်ကြပေမယ့် ဆံပင်နဲ့ ဆံသားကျန်းမာရေးကိုတော့ လျစ်လျူရှုမိတတ်ကြပါတယ်။ ဆံပင်ဆိုတာလည်း အသားအရေ ကဲ့သို့ပင် စိတ်ဖိစီးမှုများခြင်း ၊ အာဟာရမလုံလောက်ခြင်း နဲ့ ဟော်မုန်းမညီမျှခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့် ပျက်စီးစေနိုင်သလို သတိမပြုမိတဲ့ မှားယွင်းတဲ့ အလေ့အထတွေကြောင့်လည်း ပျက်စီးစေနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ လူတိုင်းသတိမထားမိပဲ အိပ်ရာဝင်ချိန်မှာ လုပ်မိတတ်တဲ့ ဆံပင်ပျက်စီးစေတဲ့ အလေ့အထ အမှားတွေကို ပြောပြပေးချင်ပါတယ်။

(၁) မသန့်တဲ့ ခေါင်းအုံးစွပ်နဲ့ အိပ်တာ

တစ်ကိုယ်ရေ သန့်ရှင်းမှုက ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့ အိပ်စက်ချိန်ဟာ ပျှမ်းမျှအားဖြင့် အနည်းဆုံး ၅ နာရီကနေ ၈ နာရီကြားရှိပါတယ်။

ခေါင်းအုံးစွပ်တွေက အိပ်စက်ချိန်မှာ နာရီနဲ့ ချီပြီးတိုက်ရိုက်ထိတွေ့ရတာကြောင့် သန့်ရှင်းမှုရှိနေဖို့ အရေးကြီးပါတယ်။ ခေါင်းအုံးစွပ်တွေကို အနည်းဆုံး တစ်ပတ် ၁ ကြိမ်ခန့် လျှော်ဖွတ်သန့်စင်ပါ။

(၂) ရေစိုနေတဲ့ ဆံပင်နဲ့ အိပ်တာ

ဆံပင်ရေစိုနဲ့ အိပ်ရာဝင်တာက ဆံသားကျန်းမာရေးကို ထိခိုက်ပျက်စီးစေတဲ့ အကြီးမားဆုံး အမှားတစ်ခု ဖြစ်ပါတယ်။ ဆံသားတွေက ရေစိုနေချိန်မှာ သာမန်ထက် ပျော့ပျောင်းနေတာကြောင့် အိပ်ရာခင်း ၊ ခေါင်းအုံးစွပ်တွေနဲ့ ပွတ်တိုက်တဲ့အခါ အလွယ်တကူပဲ ကြမ်းတမ်းခြောက်သွေ့ပြီး ပျက်စီးသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းလျော်ပြီးချိန်မှာ ရေကိုခြောက်အောင် သုတ်ပြီးမှ အိပ်ရာဝင်ပါ။

(၃) ဆံပင်ထုတ်ကုန် ပစ္စည်းတွေ အသုံးပြုပြီး အိပ်စက်တာ

ညဘက်တွေမှာတော့ Hair Sprays တွေ ၊ ခေါင်းလိမ်းဆီတွေ အများကြီးသုံးပြီး ဆံပင်ကို ပုံသွင်းတာမျိုး မလုပ်ပါနဲ့။ ဆံပင်ထုတ်ကုန် ပစ္စည်းတွေ အသုံးပြုပြီး အိပ်စက်တာက ဆံသားကို ခြောက်သွေ့ပျက်စီးစေပြီး ကျိုးကြေလွယ်စေပါတယ်။

(၄) အိပ်ရာမဝင်ခင် ခေါင်းဖြီးဖို့ မေ့လျော့တာ

ဆံပင်ခပ်တိုတို ခပ်ပါးပါးတွေအတွက်ကတော့ ဒီအချက်က အရေးမကြီးပေမယ့် ဆံပင်အရှည်ထားတဲ့ ကွီးတို့အနေနဲ့ အိပ်ရာမဝင်ခင်မှာ ခေါင်းပုံမှန် ဖြီးပေးဖို့ လိုအပ်ပါတယ်။

ဦးရေပြားဟာ Sebum လို့ခေါ်တဲ့ ဆံပင်ကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးတဲ့ အဆီတစ်မျိုး ထုတ်ပေးပါတယ်။ အိပ်ရာမဝင်ခင်မှာ ဆံပင်ပုံမှန်ဖြီးပေးတာက ဆံသားတစ်ချောင်းချင်းဆီကို Sebum ဖြန့်ဝေပေးနိုင်မှာ ဖြစ်တာကြောင့်ဆံပင်ကျွတ်ခြင်း ၊ ဆံသားရှုပ်ထွေး ပျက်စီးခြင်းတွေကို လျော့ချပေးနိုင်ပါတယ်။