ကမ္ဘာပေါ်မှာ အမွန်မြတ်ဆုံး လုပ်ငန်းတစ်ခုကို ပြောပါဆိုရင် ပရဟိတလုပ်ငန်းပဲဖြစ်ပါတယ်။ ပရဟိတလှူဒါန်းမှု ပြုလုပ်တဲ့အခါ ငွေကြေးတစ်ခုတည်း လှူဒါန်းလို့ရတာမဟုတ်ပါဘူး။ ငွေကြေးတတ်နိုင်သူကလည်း သူတတ်နိုင်သလောက်လေး ထည့်ဝင်နိုင်သလို မိမိလုပ်အားနဲ့ လုပ်အားပေး ဝင်လုပ်ရင်း လူထုကို အကျိုးပြုခြင်းကလည်း ပရဟိတလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။

ယနေ့ခေတ်လို စားဝတ်နေရေး ကြပ်တည်းနေတဲ့ခေတ်ကြီးထဲမှာ အကူအညီလိုအပ်နေတဲ့သူတွေအတွက် ပရဟိတလူထုအကျိုးပြုလုပ်ငန်းများကို လူတိုင်း မလုပ်နိုင်ကြပါဘူး။ ကိုယ်ချင်းစာစိတ် ရှိတဲ့သူ၊ အများအကျိုးအတွက် ကိုယ့်အကျိုးစီးပွားကို စွန့်ရဲတဲ့ မွန်မြတ်စိတ်ထားပိုင်ရှင်တွေသာ လုပ်ကိုင်နိုင်ကြတာပါ။ ထိုကဲ့သို့ လုပ်ကိုင်ရာမှာလည်း တစ်ကိုယ်တည်း ပရဟိတသမားတွေလည်း ရှိသလို အသင်းအဖွဲ့နဲ့ လုပ်ကိုင်နေကြတဲ့ ပရဟိတသမားတွေလည်း ရှိကြပါတယ်။

SoyAi ပဲနို့လုပ်ငန်းကလည်း မွန်မြတ်တဲ့အလုပ်လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ လူမှုအကျိုးပြု စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုဖြစ်ပြီး ထိုလုပ်ငန်းမှ ရရှိလာတဲ့အကျိုးအမြတ်တွေကို မိမိအကျိုးစီးပွားအတွက် အသုံးချခြင်းမဟုတ်ဘဲ မိဘမဲ့ကလေးများအတွက် ပြန်လည်ထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းအစပြုခဲ့တဲ့ခုနှစ်ကတော့ ၂၀၁၄ ခုနှစ်ဖြစ်ပြီး စတင်တည်ထောင်သူကတော့ City Mart Myanmar (CMHL Group) အတွက် Marketing Consultant တစ်ယောက်အဖြစ် တာဝန်ယူနေရင်း Strategy First ကျောင်းမှာလည်း Digital Strategy ကို သင်ကြားပေးနေတဲ့ မလေးရှားသူ Eileen Lui ပဲဖြစ်ပါတယ်။

SoyAi ပဲနို့လုပ်ငန်းကို စတင်တည်ထောင်ဖြစ်ခဲ့ပုံကတော့ ဒီလိုပါ…

Eileen နဲ့ သူ့အမျိုးသားက မြန်မာပြည်ကို မရောက်ခင် ကမ္ဘောဒီးယားမှာကတည်းက မိဘမဲ့ဂေဟာမှာ လုပ်အားပေးလုပ်ခဲ့ကြသူတွေပါ။ မြန်မာပြည်ကို ရောက်လာတဲ့အခါမှာလည်း အကူအညီလိုအပ်နေသူထံ လက်ကမ်းကူညီပေးချင်တဲ့ အလေ့အကျင့်က မပျောက်သေးတော့ မိဘမဲ့ဂေဟာအတွက် သူတို့ရတဲ့လစာထဲက တစ်ချို့တစ်ဝက်ကို ဖယ်ထားပြီး လစဉ်လတိုင်း ပေးကမ်းလှူဒါန်းမှု ပြုလုပ်ခဲ့ကြပါတယ်။ သို့ပေမယ့် တချို့အရွယ်ရောက်ပြီး ၁၈၊ ၁၉ နှစ်အရွယ် ကလေးတွေကလည်း လူလားမမြောက်သေးတဲ့ကလေးတွေနည်းတူ ကိုယ့်ထူးကိုယ်ချွန်ပြီး အလုပ်မလုပ်ဘဲ ထိုကဲ့သို့ ပေးကမ်းလှူဒါန်းမှုကိုသာ အားကိုးနေတဲ့အတွက်ကြောင့် Eileen အနေနဲ့ ဘဝင်မကျဖြစ်လာပါတော့တယ်။ အနာဂတ်အတွက် အလားအလာရှိတဲ့ လူငယ်တွေရဲ့ အရည်အချင်းတွေ အလဟဿဖြစ်မှာကိုလည်း မလိုလားခဲ့သလို သူမရဲ့ ချွေးနည်းစာကို အမှန်တကယ်လိုအပ်နေသူတွေထံ ပေးကမ်းလှူဒါန်းချင်တာကလည်း သူမရဲ့ စိတ်ရင်းစေတနာအမှန်ပါ။

ဒီလိုနဲ့ အရွယ်ရောက်ပြီးသားကလေးတွေလည်း ကိုယ့်ထူးကိုယ်ချွန် ကြိုးစားနိုင်ဖို့ အလုပ်အကိုင်မရှိတဲ့သူတွေလည်း လစဉ်လတိုင်း ဝင်ငွေမှန်မှန်ဝင်နိုင်ဖို့နဲ့ မိဘမဲ့ကလေးတွေ ဆင်းရဲသားတွေအတွက်လည်း ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက်ဆိုပြီး SoyAi ပဲနို့လုပ်ငန်းကို သူကိုယ်တိုင် ထူထောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် SoyAi ပဲနို့လုပ်ငန်းက သဘာဝပဲနို့အပြင် ပဲပိစပ်ပူတင်းနဲ့ သဘာဝပဲပြားတို့ကိုလည်း စားသုံးသူတို့ရဲ့ ကျန်းမာရေးနဲ့အညီ ထုတ်လုပ်ထားပါတယ်။ ထိုလုပ်ငန်းမှရရှိတဲ့ အကျိုးအမြတ်တွေကိုလည်း မိဘကလေးများ၊ ဆင်းရဲသားများနဲ့ အခြားအကူအညီလိုအပ်နေသူများထံလည်း လစဉ်လှူဒါန်းမှုများပြုလုပ်လေ့ရှိကြပါတယ်။

ထုတ်လုပ်ထားတဲ့ စားသောက်ကုန်တိုင်းက ကျန်းမာရေးနဲ့ ညီညွှတ်စွာ ထုတ်လုပ်ထားပြီး ဓာတုဆေးဝါးများ၊ ဖော်မလင်၊ တာရှည်ခံဆေးများ လုံးဝ (လုံးဝ) မပါဝင်တာကြောင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်တဲ့ စားသောက်ကုန်အမှတ်တံဆိပ်ပဲဖြစ်ပါတယ်။ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားမယ်ဆိုရင်တောင် ရက်အတော်ကြာတဲ့အထိ လတ်လတ်ဆတ်ဆတ်အထားခံပါသေးတယ်။ ကျန်းမာရေးအတွက်လည်းကောင်းပြီး အာဟာရပြည့်ဝတဲ့ SoyAi စားသောက်ကုန်တွေကို အားပေးစားသုံးခြင်းက မိမိရဲ့ကျန်းမာရေးအတွက်လည်း ကောင်းမွန်သလို ပရဟိတလုပ်ငန်းတွေမှာလည်း တစ်တပ်တစ်အား ပါဝင်ရာရောက်တာကြောင့် ကုသိုလ်လည်းရ ဝမ်းလည်းဝဖို့ SoyAi စားသောက်ကုန်များကို ဝယ်ယူအားပေးလိုက်ကြစို့။