ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိရင် ဘာမှအဆင်မပြေပါဘူး။ အမြဲကြောက်စိတ်တွေပဲဝင်ပြီး စိတ်ဓာတ်ကျပြီး အားငယ်နေမှာပါ။ လုပ်တောင်မလုပ်ရသေးဘူး ငါလုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ စိတ်တွေဝင်နေပြီဆိုထဲက ကိုယ့်ကိုယ်ကိုယုံကြည်မှု ပျောက်ဆုံးနေတာပါပဲ။ အထူးသဖြင့်တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့သူတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

အကူအညီအမြဲလိုနေခြင်း

ဘယ်အရာမဆို ကိုယ်ဘာသာကိုယ်တောင် မလုပ်နိုင်ပဲ သူများကိုပဲအားကိုးပြီး သူများဆီကအကူအညီကိုပဲ မျှော်လင့်နေတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလို့ပါပဲ။ ကိုယ့်လုပ်နိုင်နေတဲ့ကိစ္စကိုတောင်မှ မလုပ်နိုင်ဘူး ငါဖြစ်မှာမဟုတ်ဘူး နင်လုပ်ပေး၊ နင်ကူညီပေးဆိုတာမျိုးတွေ မဖြစ်ပါစေနဲ့။

စိုးရိမ်ပူပန်မှုတွေများနေခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့အတွက် ဘယ်အရာကိုပဲဖြစ်ဖြစ် စတောင်မစရသေးဘူး ကြိုပြီးတော့ စိုးရိမ်ပူပန်စိတ်တွေ များနေပါတယ်။ ဒီလိုတွေဖြစ်ရင် ကိုယ်ပဲပိုပြီး စိတ်ပင်ပန်းရပါတယ်။

ကိုယ့်ကိုယ်ကိုအထင်သေးခြင်း

ကိုယ့်ကိုယ်ကိုအထင်သေးတဲ့သူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိကြတဲ့သူတွေပါပဲ။ ဘယ်အရာကိုပဲဖြစ်ဖြစ် ငါမလုပ်နိုင်ဘူး၊ ငါရမှာမဟုတ်ဘူးဆိုတဲ့စိတ်တွေနဲ့ ကိုယ့်ကိုယ်ကိုအထင်သေးနေကြပါတယ်။

လူတောမတိုးခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့အတွက် လူတောမတိုးပါဘူး။ လူတောမတိုးရင် လုပ်ငန်းခွင်မှာ၊ လူမှုဆက်ဆံရေးမှာ အဆင်မပြေဖြစ်ပါလိမ့်မယ်။ ဘယ်ကိုမှ မသွားရဲမလာရဲ၊ မပြောရဲမဆိုရဲတွေ ဖြစ်ပြီး အရာရာသူများထက် ခြေတစ်လှမ်းနောက်ကျနေရပါလိမ့်မယ်။

မကောင်းတဲ့အတွေးအမြင်တွေများနေခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့သူတွေမှာ တွေ့ရတတ်တဲ့ နောက်ထပ်လက္ခဏာကတော့ တစ်ခုခုဆိုရင် ဘယ်အရာမှာမဆို ကောင်းတဲ့ဘက်ကို အရင်တွေးမယ်မရှိပဲ မကောင်းတဲ့အတွေးအမြင်တွေပဲ များနေပြီး ကိုယ့်စိတ်ကို သိမ်ငယ်စေမယ့်အတွေးတွေ၊ စိတ်ဓာတ်ကျစေမယ့်အတွေးတွေပဲ တွေးနေမိတာပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတာတွေ များလာရင် depression ဝင်ဖို့ အရမ်းလွယ်ပါတယ်။ သူများချောက်တွန်းဖို့လည်း အရမ်းလွယ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယုံကြည့်မှုရှိအောင် ကြိုးစားသင့်ပါတယ်။