မင်္ဂလာပွဲဆိုတာ တကယ်ကိုခမ်းနားလှပြီး အစားထိုးမရနိုင်တဲ့ နေ့ထူးနေ့မြတ်လေးပါ။ ချစ်သူလေးနဲ့အတူ ရွှေလက်တွဲဆင်နွှဲတဲ့ မင်္ဂလာပွဲလေးဟာ ပြီးပြည့်စုံပြီး အဆင်ပြေချောမွေ့နေမှသာ တစ်သတ်တာ အမှတ်တရကောင်းလေးဖြစ်နေမှာပါ။

ဒါကြောင့် ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး ဖြစ်စေဖို့ ပြင်ဆင်ရမယ့် အချက်တွေကို အနာဂတ် မင်္ဂလာမောင်နှံအတွက် မျှဝေပေးလိုက်ပါတယ်။

(၁) အချိန်ယူပြီး တိုင်ပင်ကာပြင်ဆင်ပါ

အရင်ဆုံး မင်္ဂလာပွဲမှာ သုံးမယ့်အသုံးစရိတ်ကို ၂ ယောက်တူတူတိုင်ပင်ပြီး သတ်မှတ်ပါ။ ထို့နောက် သူ့ဘက်၊ ကိုယ်ဘက်ဖိတ်ကြားရမဲ့လူတွေကို စာရင်းပြုစုပါ။ မဖြစ်မနေ ဖိတ်ကြားရမယ့် အရေးကြီးပုဂ္ဂိုလ်တွေကိုလည်း စာရင်းထဲထည့်ဖို့မမေ့ပါနဲ့။

(၂) မင်္ဂလာပွဲ ကျင်းပမယ့်နေရာ ရွေးချယ်ပါ

ဟိုတယ်မှာပဲလုပ်မလား။ စိတ်ကူးယဉ်ဆန်ဆန် မြက်ခင်းပြင်ကြီးနဲ့ Outdoor ဧရိယာမှာပဲ လုပ်မလားဆိုတာ စိတ်ကြိုက်ရွေးချယ်လိုက်ပါ။ ရွေးချယ်မယ့်နေရာကို ကြိုတင်စာရင်းသွင်းထားဖို့တော့ မမေ့ပါနဲ့။

(၃) တည်ခင်း ဧည့်ခံမယ့်အစားအစာ

မင်္ဂလာပွဲကျင်းပမယ့် ရာသီနဲ့လိုက်ဖက်ညီတဲ့ အစားအစာများဖြစ်ဖို့ အရေးကြီးပါတယ်။ သောက်စရာများ၊ အချိုတည်းစရာများကိုလည်း ကြိုတင်စဥ်းစားပြီး ပြင်ဆင်ထားပါ။

(၄) မင်္ဂလာဝတ်စုံ

ဘယ်လိုအရောင်၊ ဘယ်လိုဒီဇိုင်းမျိုးဝတ်မယ်ဆိုတာ အချိန်တော်တော်အစောထဲက ပြင်ဆင်ထားတာကောင်းပါတယ်။ ဒီအချက်က အနီးကပ်မှ ပြင်ဆင်မိခဲ့လျှင် စိတ်ကျေနပ်မှု အပြည့်အဝ ရမှာမဟုတ်ပါဘူး။ ဒါ့အပြင်နှစ်ဖက်မိဘများနဲ့ သတို့သားနဲ့ သတို့သမီးအရံများအတွက်ပါ သေချာပြင်ဆင်ပါ။

(၅) ဓာတ်ပုံဆရာ ကြိုတင်ငှားရမ်းပါ

မင်္ဂလာဆောင်အယ်လ်ဘမ်က မြတ်နိုးဖွယ်အမှတ်တရများကို ပြန်လည်အသက်သွင်းစေမည့် ပုံများဖြစ်သောကြောင့် ဓာတ်ပုံဆရာကောင်းတစ်ဦးရဲ့ အရေးပါမှုကို လျှော့မတွက်ပါနဲ့။ သေသေချာချာလေ့လာပြီး သင်လိုချင်တာကို အတိအကျနားလည်တဲ့သူကို ရှာပါ။ လိုချင်တဲ့ ပုံစံမျိုးကို ကြိုတင်စဉ်းစားထားခြင်းကလဲ စိတ်ကူးကောင်းပါပဲ။

(၆) တေးဂီတ

ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး ဖြစ်စေဖို့ တေးဂီတ ထည့်သွင်းခြင်းကလည်း တကယ်ကို အရေးပါပါတယ်။ မင်္ဂလာပွဲနဲ့ လိုက်ဖက်တဲ့သီချင်းလေးတွေ၊ ဖွင့်ချင်တဲ့ သီချင်းလေးတွေကို ကြိုတင်ပြင်ဆင်ထားပါ။