ကိုယ့်ရဲ့လုပ်ငန်းခွင် နယ်ပယ်မှာ အောင်မြင်ချင်ပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်လုပ်တတ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို သိထားသင့်ပါတယ်။

မိမိ လုပ်တဲ့အလုပ်ကို ချစ်ပါ

ကိုယ်လုပ်တဲ့အလုပ်ကို ချစ်မှ၊ အလုပ်လုပ်ချင်စိတ်၊ ဒီ့ထက်ပိုကောင်းလာအောင် ကြိုးစားချင်စိတ်များရှိလာမှာဖြစ်ပြီး စိတ်ဖိစီးမှုကင်းကင်းနဲ့ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ၊ စေတနာပါပါ လုပ်ကိုင်ပါ။ လက်ရှိအခြေအနထက် ပိုမိုတိုးတက်လာအောင် ကြိုးစားပါ။

အရေးအပါဆုံးအရာကို ဦးစားပေးပါ

အရေးအကြီးဆုံး အရာကို ဦးစားပေးပါ။ ဘယ်နေ့မှာ အလုပ်ပြီးရမလဲဆိုတဲ့ Deadline ဆိုတာ ရှိပါတယ်။ Deadline နဲ့အနီးဆုံး အလုပ်ကို အရင်ဆုံး လုပ်ဆောင်လိုက်ပါ။ ပထမအရေးအကြီးဆုံးကို ဦးစားပေးပါ။ ထို့နောက် ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး စသည်ဖြင့် စီထားကာ အလုပ်လုပ်ဆောင်ရပါမယ်။

တစ်ပတ်စာ၊ တစ်နေ့စာအတွက် အချိန်ဇယား ရေးဆွဲထားပါ

တနင်္လာနေ့မှာ လုပ်ရမယ့်အလုပ်၊ အင်္ဂါနေ့မှာ လုပ်ရမယ့်အလုပ် စသည်ဖြင့် တစ်ရက်စာ တစ်ရက်စာများကို ရေးဆွဲထားလိုက်ပါ။ တစ်ရက်တာ ကုန်သွားတဲ့အခါမှာလည်း ကိုယ့်ရဲ့ အစီအစဥ်အတိုင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်သလားဆိုတာကိုလည်း ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။

တစ်ရက်စာ တစ်ရက်စာကို မိမိစီစဥ်ထားတဲ့အတိုင်း အစီအစဥ် ရေးဆွဲနိုင်တယ်ဆိုရင် တစ်လတိတိကြာလာတဲ့အခါ တိုးတက်မှု ဖြစ်စဥ်ကို သိသိသာသာမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။

ဝီရိယရှိစွာဖြင့် အိပ်ရာစောစော ထပါ

ညဘက်မှာ စောစော အိပ်ရာဝင်ပြီး မနက်ဘက်မှာလည်း စောစော အိပ်ရာထတတ်တဲ့အလေ့အကျင့်ကို နေ့စဥ်မှန်မှန်ပြုလုပ်သင့်ပါတယ်။ ရုံးပိတ်ရက်တွေမှာလည်း မိမိပုံမှန် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်အတိုင်း အိပ်ရာဝင်၊ အိပ်ရာထဖို့ လိုအပ်ပါလိမ့်မယ်။

အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဖျောက်ပါ

ကိုယ် စိတ်မဝင်စားတဲ့ အလုပ်တစ်ခုကို ပြီးမြောက်အောင် ပြုလုပ်ရမယ်လို့ တာဝန်ပေးခံရတဲ့အခါ အချိန်မဆွဲဘဲ အမြန်ဆုံးသာ ပြီးမြောက်အောင် ပြုလုပ်လိုက်ပါ။

ကိုယ် စိတ်မဝင်စားလေ မြန်မြန်ပြီးအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ အချိန်ဆွဲပါ များလာတဲ့အခါ တိုးတက်ရာတိုးတက်ကြောင်းကိုပဲ ပိတ်ပင်နေမှာဖြစ်ပါတယ်။