ယောက္ခမလောင်းတွေရှေ့မှာ အမြင်ကြည်အောင် နေထိုင်ခြင်းသည်လည်း အားလုံး တတ်ကျွမ်းထားသင့်တဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ တချို့ဆိုရင် ကိုယ့်လက်တွဲဖော်နဲ့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ၊ ယောက္ခမလောင်းတွေရှေ့မှာ အနေအထိုင် အပြောအဆိုမတတ်တဲ့အခါ အမြင်ကြည်ဖို့ဝေးစွ အမြင်ကတ်ခံရမှာပဲဖြစ်ပါတယ်။​

ဒါဆိုရင် ကိုယ့်ရဲ့ယောက္ခမလောင်းတွေရှေ့မှာ အမြင်ကြည်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲ။

သူတို့အကြောင်း သိအောင် လုပ်ပါ

ကိုယ့်ယောက္ခမက လူကြီးဆန်ဆန် အထာကြီးနဲ့ နေတတ်သလား (သို့) လူငယ်တွေနဲ့ ရောရောနှောနှောနေတတ်သလားဆိုတာကို သိထားမှသာလျှင် ကိုယ်က ဘယ်လိုပြုလုပ်ရမလဲဆိုတာ သိမှာဖြစ်ပါတယ်။ ကိုယ့်ယောက္ခမနဲ့ စိတ်နေစိတ်ထား မတူလို့ သဘောမကျဘူးဆိုရင်တောင်မှ လူငယ်က လူကြီးကို Respect ပေးသလို ပေးရမှာပဲ ဖြစ်ပါတယ်။

သူတို့ ရင်ဖွင့်လာတဲ့အခါ သေချာနားထောင်ပါ

လူကြီးတွေဟာ အသက်အရွယ်ရလာတဲ့အခါ ကလေးတွေလို တစ်ဖန်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ သူတို့မှာ စကားပြောဖော်မရှိတဲ့အခါ ပိုပြီး အထီးကျန်တတ်တာကြောင့် သင်က သူတို့အိမ် အလည်သွားတဲ့အခါ စကားတွေ အများကြီး ပြောချင်နေပါလိမ့်မယ်။ ထိုအချိန်မှာ သင့်အနေနဲ့ ဂရုတစိုက်နဲ့ သူတို့ ရင်ဖွင့်စကားပြောတာကို သေသေချာချာ နားထောင်ဖို့ လိုအပ်ပါလိမ့်မယ်။

သူတို့ထံမှ အကြံဥာဏ်တောင်းပါ

သင့်ရဲ့အလုပ်နဲ့ပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းနဲ့ပဲဖြစ်ဖြစ် အကြံဥာဏ်တောင်းကြည့်လိုက်ပါ။ လူကြီးတွေက အတွေ့အကြုံပိုများတဲ့အတွက်ကြောင့် သင် မမြင်နိုင်တဲ့အရာကို သူတို့က မြင်သွားပြီး ပြောပြပေးနိုင်ပါတယ်။ ဒါဆိုရင် သင် ကြုံတွေ့နေရတဲ့ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

စည်းတစ်ခု ခြားထားပါ

ယောက္ခမအိမ်မှာ ညအိပ်ညနေသွားမယ်ဆိုရင် ဖုန်းကြိုဆက်ပြီး အကြောင်းကြားထားမျိုး ပြုလုပ်ပြီး သင့်အိမ်မှာ လာတည်းကြမယ်ဆိုလည်း ဖုန်းဆက်ထားပြီး သွယ်ဝိုက်တဲ့နည်းနဲ့ ပြောထားသင့်ပါတယ်။ ဒါမှလည်း ကိုယ့်ဘက်က ဧည့်ခံပေးရတာ အဆင်ပြေမှာမဟုတ်လား။

သူတို့ ခက်ခဲတဲ့အချိန်မှာ အနားမှာ ရှိပေးပါ

လူသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ နေထိုင်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတစ်ပါး ခက်ခဲနေချိန်မှာ ကိုယ့်ဘက်က ကူညီနိုင်သလောက် ကူညီပေးလိုက်ပါ။ တစ်ချိန်ချိန်မှာ ကိုယ်က ဒုက္ခရောက်ခဲ့သည်ရှိသော် ကိုယ့်စေတနာက ကိုယ့်ကို ပြန်အကျိုးပေးမှာဖြစ်ပြီး ကိုယ့်ကို ကူညီမယ့်သူတွေရှိနေမှာဖြစ်ပါတယ်။