ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ ဘယ်လောက်ပဲ ကြိုးစားနေပါစေ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကို အသိအမှတ်မပြုဘူးလို့ ခံစားနေရပါသလား။ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကို အသိအမှတ်ပြုခံစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သိထားသင့်ပါတယ်။

ကိုယ့်ရဲ့အထက်လူကြီးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ

ကိုယ့်ရဲ့ အထက်လူကြီးများနှင့် ကိုယ့်ရဲ့အလုပ်တာဝန်များ၊ စွမ်းဆောင်ရည်များအကြောင်းကို မကြာခဏ ဆွေးနွေးနိုင်ပါတယ်။ ဒီလို မကြာခဏ ပြောဆိုခြင်းအားဖြင့် သင့်ရဲ့အလုပ်တာဝန်နှင့် စွမ်းဆောင်ရည်များအကြောင်းကို ကောင်းစွာ သိနားလည်မှာဖြစ်ပါတယ်။

ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ ဆိုတဲ့စကားကတော့ ကိုယ့်ရဲ့အထက်လူကြီးအား ဖားခိုင်းတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း ဖြောင့်ဖြောင့်မှန်မှန်နဲ့ ဆက်ဆံပြီး ကိုယ် လုပ်စရာရှိတာများကို ပုံမှန်အတိုင်း လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်များနှင့်လည်း သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံပါ

ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်များနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံခြင်းသည်လည်း ကိုယ့်ရဲ့အလုပ်စွမ်းဆောင်ရည်ကို သူတို့ အသိအမှတ်ပြုအောင် ကူညီပေးပါလိမ့်မယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်များအကြောင်းလည်း စိတ်ဝင်စားပုံပြပါ။ ကုမ္ပဏီချင်းတူပြီး ဌာနမတူတဲ့ လုပ်ဖော် ကိုင်ဖက်များနှင့်လည်း ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံခြင်းအားဖြင့် တခြားဌာနမှဝန်ထမ်းများသည်လည်း သင့်ရဲ့လုပ်ရည်ကိုင်ရည်ကို သိနားလည်လာကြမှာဖြစ်ပါတယ်။

အခြားသူများထံမှလည်း လေ့လာသင်ယူပါ

သူများတွေလည်း ချီးကျူးခံရအောင်၊ အသိအမှတ်ပြုခံရအောင် ဘယ်လို ပြုမူနေထိုင်ကြသလဲဆိုတာ လေ့လာပါ။ သေချာတာကတော့ သူတို့သည် အလုပ်ကို မခိုမကပ်ဘဲ လုပ်ကိုင်ကြမှာပါ။ သင့်လည်း သူတို့လို မခိုမကပ်ဘဲ အလုပ်လုပ်ပေမယ့် ဘာ့ကြောင့် ချီးကျူးမခံရသလဲ။ အသိအမှတ်ပြု မခံရသလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်စရာရှိလာပါလိမ့်မယ်။ ထိုအခါ သူတို့ရော အသိအမှတ်ပြုခံရဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်သလဲဆိုတာကို နည်းနမူယူရမှာဖြစ်ပါတယ်။

အခြားသူများရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း အသိအမှတ်ပြုပါ

ကိုယ်ကိုယ်တိုင်ကို အသိအမှတ်ပြုခံချင်ရင် အခြားသူတွေကိုလည်း အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့ပရောဂျက်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်တဲ့အခါ အသိအမှတ်ပြုလိုက်ပါ။ ချီးကျူးစကားဆိုလိုက်ပါ။ ဒီလိုမျိုး အသိအမှတ်ပြုခြင်းအားဖြင့် မိမိအလှည့်ရောက်တဲ့အခါမှာလည်း ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်များက တစ်ဖန်ပြန်လည် ချီးကျူးစကားဆိုလာပါလိမ့်မယ်။ ကိုယ့်ကို ပြုမူစေချင်တဲ့အပြုအမူအတိုင်း သူတစ်ပါးအား ပြုမူပါက မိမိသည်လည်း တူညီတဲ့ တုန့်ပြန်ချက်များ ရရှိမှာဖြစ်ပါတယ်။