အားလုံးပဲ မင်္ဂလာပါ။ လောကမှာ သူငယ်ချင်းကောင်းတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှ လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး။ တချို့လူတွေကတော့ သူငယ်ချင်းကောင်းဆိုတာကို မလိုအပ်ဘူး၊ မယုံကြည်ဘူးလို့ ဆိုကြပေမယ့်လည်း ကိုယ်လိုအပ်နေချိန်မှာ အနားမှာရှိနေသူ၊ ကိုယ့်အတွက် အကြံဉာဏ်ကောင်းတွေပေးနိုင်သူ၊ ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကို ထိန်းထားပေးနိုင်သူကတော့ လိုကို လိုအပ်ပါတယ်။

ဒါပေမယ့် ဒီလိုအရည်အချင်းမျိုးတွေ ကွယ်ပျောက်ပြီး ယုံကြည်မှုဆိုတာလည်း ပျက်ပြယ်သွားချိန်မှာတော့ သေတဲ့အထိမြဲသွားမယ်လို့ထင်ခဲ့တဲ့ သူငယ်ချင်းဆိုတဲ့ဆက်ဆံရေးဟာ အဆိပ်အတောက်ဖြစ်လာပြီး ပြိုကွဲပျက်စီးသွားနိုင်ပါတယ်။ ဒီလိုအချိန်မှာခံစားရတာဟာ ချစ်သူနဲ့ကွဲတာထက်ကို ပိုပြီးနာကျင်ရပါတယ်။

ဒါကြောင့် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းမျိုးတွေကို ပိုင်ဆိုင်ကျင့်သုံးရမလဲ ဆိုတာကို ဖော်ပြပေးသွားချင်ပါတယ်။

ယုံကြည်အားကိုးရခြင်း

Source: weheartit.com

သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ကိုယ့်ကိုယုံကြည်အားကိုးလို့ ပြောပြခဲ့တဲ့ လျှို့ဝှက်ချက်တွေကို အခြားသူတွေနဲ့အတူ ပြန်လည်မဝေမျှသင့်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုတွေရှိမှ ခိုင်မြဲတဲ့သူငယ်ချင်းဆက်ဆံရေးဆိုတာ တည်ဆောက်နိုင်မှာပါ။

မေတ္တာဂရုဏာတရားကြီးမားခြင်း

Source: The Independent

ဘဝမှာနေထိုင်ရင်းနဲ့ ကြုံတွေ့လာရတဲ့ ကိုယ်ရဲ့ အခက်အခဲတွေကို နားလည်ပေးမယ့်သူတစ်ယောက်တော့ လိုချင်မိကြပါတယ်။ နှစ်သိမ့်ပေးစေလိုတယ်၊ လက်ရှိဖြစ်မလာသေးရင်တော့ အရာအားလုံးအဆင်ပြေသွားမှာပါဆိုပြီး ပြောပေးမယ့်သူကို မျှော်လင့်မိတာဟာ လူ့သဘာဝပါ။ ထိုစကားလေးတွေကို နားထောင်ရင်းနဲ့ ရှေ့ဆက်အသက်ရှင်ဖို့အတွက် အကူအညီဖြစ်စေသလို ပိုပြီးတော့လည်း ခွန်အားဖြစ်စေပါတယ်။

ရိုးသားခြင်း

Source: Seventeen Magazine

ကြားဖူးနေကျ စကားလုံးတစ်ခုဆိုပေမယ့် အရည်အချင်းနဲ့ပတ်သက်လာရင်တော့ ရှိဖို့အတွက် အလွန်ခက်ခဲတဲ့ အရာတစ်ခုပါပဲ။ လူသားတွေဟာ ထိခိုက်နာကျင်လွယ်တဲ့ သက်ရှိတွေဖြစ်ပြီး အရာရာကို အလေးအနက်ယူတတ်ကြတာကြောင့် တစ်ဦးနဲ့တစ်ဦးကြားမှာ ရိုးသားမှုဆိုတာရှိဖို့ အလွန်အရေးကြီးပါတယ်။

ပျော်ရွှင်ခြင်း

Source: Best Health Magazine Canada

လူလားမြောက်လာတာနဲ့အညီ ကြုံတွေ့လာရတဲ့ စိတ်ဖိစီးမှုတွေဟာလည်း တစ်စထက်တစ်စ တိုးလို့လာပါတယ်။ ထိုစိတ်ညစ်စရာတွေကို ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့အတူတူ ပြောဆိုပြီး အတူတူရယ်မောပစ်လိုက်၊ ငိုကြွေးပစ်လိုက်ခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပေါတဲ့အချက်လေးတွေကိုပါ မြင်သွားစေနိုင်ပါတယ်။

စိတ်ဆန္ဒပြင်းပြခြင်း

Source: Sweety High

အားလုံးကတော့ ကိုယ့်ဘဝကို မြင့်မားတိုးတက်လိုသူတွေချည်းပါပဲ။ ကိုယ်မှမဟုတ်ဘဲ ကိုယ်ချစ်ရတဲ့ ကိုယ့်သူငယ်ချင်းကိုလည်း တိုးတက်စေချင် တာကြောင့် ဘေးမှနေပြီး မဟုတ်မကတွေနဲ့ သွေးထိုးတာမဟုတ်ဘဲ တိုးတက်ချင်စိတ်ဖြစ်အောင် စိတ်ဓာတ်တိုးမြှင့်တင်ပေးတာဟာ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ လုပ်ရပ်တစ်ခုပါပဲ။

ယုံကြည်အားထားရခြင်း

Source: Shutterfly

အားကိုးစိတ်ချရခြင်းအပြင် နောက်ထပ်အရေးကြီးတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အရည်အချင်းကတော့ ယုံကြည်အားကိုးရခြင်းပါပဲ။ ကိုယ်လိုအပ်တဲ့အချိန် အနားမှာရှိမနေတဲ့သူပေါ်မှာ အချိန်တွေအကုန်ခံပြီး သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကို ဖန်တီးမနေပါနဲ့။

ပွင့်ပွင့်လင်းလင်းရှိခြင်း

Source: Bustle

အကြံဉာဏ်တောင်းတဲ့အချိန် ဒါမှမဟုတ် ကိုယ့်ရဲ့အမှားဝန်ခံချိန်၊ ပြဿနာတစ်ခုကိုရင့်ဖွင့်ချိန်မှာ ချက်ချင်းလက်ငင်း သုံးသပ်ခံလိုက်ရတာကို ဘယ်သူမှမလိုလားပါဘူး။ သူငယ်ချင်းကောင်းဆိုတဲ့ ခေါင်းစဉ်နဲ့အညီ ကိုယ်ရဲ့ပြဿနာအားလုံးကို ပေါ့ပေါ့ပါးပါးပြောဆိုနိုင်ဖို့ လိုအပ်ပြီး ပြန်ရမယ့် ပြင်းထန်တဲ့ တုံ့ပြန်ချက်တွေ၊ ဝေဖန်ချက်တွေကို ကြောက်ရွံ့နေလို့လည်းမရပါဘူး။

Featured Image Source: Reader’s Digest