အိမ်ထောင်ပြုဖို့ စဉ်းစားထားရင် လူရွေးမှန်ဖို့ သိပ်အရေးကြီးပါတယ်။ တစ်အိုးတစ်အိမ်ထောင်တဲ့ကိစ္စဟာ လူ့သမိုင်းမှာ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။

မှန်ကန်တဲ့ အိမ်ထောင်ဘက်ရှိခြင်းဟာ တစ်သက်လုံး ပျော်ရွှင်အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခု တည်ဆောက်နိုင်မှုကနေ လူတစ်ယောက်ရဲ့ အရည်အသွေးကို ပိုမို တောက်ပြောင်အောင်ပါ အထောက်အပံ့ပြုနိုင်ပါတယ်။

လက်ထပ်ဖို့ ရည်ရွယ်ထားရင် သင့်ပါတနာမှာ ဒီလို အရည်အသွေးတွေ ရှိသလား ကြည့်ဖို့လိုပါတယ်။

(၁) ဆက်ဆံရေးပြေပြစ်ရဲ့လား

သင့်ချစ်သူက လူမှုဆက်ဆံရေး အဆင်ပြေသူဖြစ်ရဲ့လားဆိုတဲ့ အချက်နဲ့ စလိုက်ရအောင်ပါ။ အိမ်ထောင်ပြုတာဟာ နှစ်ယောက်တည်း ကမ္ဘာမဟုတ်ပါဘူး။ လူနှစ်ယောက်နဲ့ ကမ္ဘာလောကကြီးထဲ တိုးဝင်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီအခါမှာ ရှုပ်ထွေးလှတဲ့ ဆက်ဆံမှုပုံစံတွေကို ကြုံတွေ့လာရမှာ အမှန်ပါပဲ။ ကိုယ့်အိမ်ထောင်ဘက်မှာ လူမှုဆက်ဆံရေး စွမ်းရည်မကောင်းရင် နှစ်ဖက်အသိုင်းအဝိုင်းအကြားမှာ အဆင်မပြေတာတွေ ကြုံလာနိုင်ပါတယ်။

(၂) ကိုယ့်အပေါ် လွှမ်းမိုးဩဇာပေးချင်သူလား

ချစ်သူရည်းစားဘဝကတည်းက ကိုယ်လုပ်သမျှကို နောက်ကွယ်က ကြိုးကိုင်ချင်တယ်ဆိုတဲ့ ချစ်သူမျိုးဟာ အိမ်ထောင်ဘက်ဘဝရောက်လာတဲ့အခါ အရေးပါတဲ့ လွှမ်းမိုးသူ ဖြစ်လာနိုင်ပါတယ်။

ချစ်သူဘာဝ တစ်ယောက်အပေါ် တစ်ယောက် ဟိုဟာမလုပ်နဲ့ ၊ ဒီဟာ မဟုတ်နဲ့ ဆိုတာဟာ သိပ်ပြဿနာ ရှိကောင်းမှရှိမှာ ဖြစ်ပေမယ့် အိမ်ထောင်ရေးမှာတော့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှတတ နဲ့ ဘဝလမ်းကြောင်းကို ပုံဖော်သွားမှသာ အောင်မြင်တဲ့ အိမ်ထောင်ရေး ဖြစ်လာမှာပါ။

(၃) ရိုးသားရဲ့လား

ရိုးသားမှုဟာ အကောင်းဆုံးမူဝါဒပဲ ဆိုတဲ့ စကားလိုပါပဲ။ ရိုးသားမှုဟာ ယုံကြည်ထိုက်မှု ဖြစ်စေပါတယ်။ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ လူမှုုဆက်ဆံရေး ကဏ္ဍအရပ်ရပ်မှာ ရိုးသားတဲ့သူနဲ့ လက်တွဲရတာ ပိုကောင်းပါတယ်။

ဘဝတစ်လျှောက်လုံး အတူဖြတ်သန်းရမယ့်သူဟာ မရိုးသားရင် တစ်သက်လုံး စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။ အိမ်ထောင်မှုသစ္စာလည်း မြဲစရာ မရှိပါဘူး။ ဒါကြောင့် ကိုယ်လက်ထပ်မယ့်သူဟာ ရိုးသားဖို့ သိပ်အရေးကြီးပါတယ်။

(၄) သဘောအမြင်တူရဲ့လား

အယူအဆအားဖြင့် မတူသူတွေဟာ အတူတူ ချစ်ချစ်ခင်ခင် နေနိုင်ဖို့ ခက်ပါတယ်။ ဘာသာရေးအရဖြစ်စေ လူမှုအမြင်နဲ့ တစ်ဦးချင်းရဲ့ ကိုယ်စီလက်ခံထားတဲ့ အခြေခံသဘောတရားအရဖြစ်စေ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့သူနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ခက်ပါတယ်။