အချစ်ရေးမှာ ပြဿနာတွေ ၊ အဆင်မပြေမှုတွေမရှိပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ အချစ်ခရီးလမ်းကို လျောက်လှမ်းနိုင်ဖို့ ချစ်သူနှစ်ဦးစလုံးမှာ ထိန်းသိမ်းရမယ့် တာဝန်ရှိပါတယ်။

တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုရှိရှိ အပေးအယူမျှမျှ တည်ဆောက်မှသာ တော်ရုံပြဿနာနည်းတဲ့ ပျော်ရွှင်ဖွယ်ရာ Relationship တစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်တော့ ကိုယ်ချစ်ရသူ နဲ့ အဆင်ပြေပြေ တစ်ဘဝလုံး လက်တွဲနိုင်ဖို့ စုံတွဲတိုင်း လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) မတူကွဲပြားမှုလေးတွေကို လက်ခံပေးပါ

လူနှစ်ယောက်ဟာ အချိန်တိုင်း ၊ ကိစ္စတိုင်းမှာ ထပ်တူကျနေဖို့ မလွယ်ပါဘူး။ မတူညီတဲ့ အတွေးအခေါ် ၊ အယူအဆ ကွဲလွဲမှုလေးတွေ အနည်း ငယ်တော့ ရှိတက်ကြပါတယ်။

နှစ်ဦးကြားက မတူညီမှုလေးတွေကို နားလည်လက်ခံပြီး ချစ်ပေးနိုင်တာက စိတ်ချမ်းသာပျော်ရွှင်ရတဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်း တစ်ခုပါပဲ။ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း တစ်ဖက်လူကို ပြောင်းလဲဖို့ကြိုးစားတာထက် မင်းဖြစ်နေလို့ ချစ်တာဆိုတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်အောင် ကြိုးစားပါ။

(၂) ပြတ်မယ်ဆိုတာကို လက်သုံးစကားမလုပ်ပါနဲ့

စုံတွဲတွေမှာ တစ်ချိန်ချိန်တော့ ရန်ဖြစ်စကားများတာ ၊ ပြဿနာတက်တဲ့အချိန်တွေဆိုတာ ရှိလာတက်ပါတယ်။ ရန်ဖြစ်ကြပြီဆိုရင် ဖြစ်တဲ့ပြဿနာရဲ့ အရင်းအမြစ်ကို ပျောက်မသွားစေဖို့ သတိထားပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် ပြတ်မယ် ၊ လမ်းခွဲမယ်ဆိုတဲ့ စကားကို လက်သုံး စကားတစ်ခုလို မသုံးမိဖို့ လိုပါတယ်။

ရန်ဖြစ်တိုင်း ပြတ်မယ်ပြောတာက ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်လို့ပါ။ ပြဿနာဖြစ်ပြီဆိုရင် ပြဿနာရဲ့ အရင်းအမြစ်ကို ပြန်ဆွေးနွေးပြီး ပြေလည်အောင်ဖြေရှင်းတာ အကောင်းဆုံး ဖြစ်ပါတယ်။

(၃) ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားပါ

သမီးရည်စားဆက်ဆံရေးတစ်ခုကို တည်ဆောက်လိုက်တာဟာ ချုပ်နှောင်မှုနဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားဆီးလိုက်တာ မဟုတ်ဘူးဆိုတာကို သတိပြုသင့်ပါတယ်။ အချိန်တိုင်း တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာချုပ်နှောင်ထားရင် လွတ်လပ်မှုပျောက်ဆုံးပြီး မပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

အဓိကကတော့ ချစ်သူနှစ်ဦးကြားမှာ ကိုယ်ပိုင် Space လေးတွေ ထားရှိဖို့ပါပဲ။ သူရောကိုယ်ရော နှစ်ဦးသား ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ သီးသန့်အချိန်လေးတွေကို အပြန်အလှန် တန်ဖိုးထားပေးနိုင်မယ်ဆိုရင် အဆင်ပြေပြေနဲ့ ပျော်ရွှင်ရတဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၄) တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပါ

တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန် ဂရုစိုက်ကြင်နာမှုတွေဟာ ရှင်သန်ရတာပိုပြီးအဓိပ္ပါယ်ရှိတယ်လို့ ခံစားရစေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေမှုတွေ ၊ ဝမ်းနည်းအားငယ်မှုတွေကို ထပ်တူဝေမျှ ခံစားရင်း ရင်ဘတ်ချင်းနီးစပ်နေဖို့ အရေးကြီးပါတယ်။

ဘဝမှာ ဘယ်လောက်ပဲ အခက်အခဲ ပြဿနာတွေနဲ့ မှောင်မိုက်နေပါစေ ကိုယ့်ချစ်သူအတွက် ကိုယ်ဟာအလင်းတန်းလေးတစ်ခုအဖြစ် ရှိနေမယ်ဆိုရင် ထာဝရလက်တွဲသွားနိုင်ဖို့ ဘယ်အရာတွေကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။