ဒီကမ္ဘာကြီးပေါ်မှာအချစ်နဲ့ ကင်းနိုင်သူရယ်လို့ မရှိသလို အသည်းမာလွန်းပါတယ်ဆိုတဲ့ သူတွေတောင် အချစ်နဲ့တွေ့ရင် ရင်ခုန်ခံစားတတ်ကြပါတယ်။

ဒါပေမယ့် အချစ်ကို ဘဝတစ်ခုလို့ သတ်မှတ်ပြီး အချစ်အပေါ်မှာ အလွန်အကျွံ စိတ်နှစ်လိုက်မိတဲ့အခါမှာတော့ ဆိုးကျိုးသက်ရောက်မှုတွေ အများကြီး ကြုံတွေ့လာ ရနိုင်ပါတယ်။

ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ မချစ်ပါနဲ့ တားဆီးပိုင်ခွင့် မရှိပေမယ့် အချစ်မှာ နစ်မြောမိလွန်းရင်တော့ ခံစားရမယ့် ဆိုးကျိုးတွေ ရှိတယ်ဆိုတာ သတိ ထား ဆင်ခြင်မိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။

(၁) ကိုယ်ပိုင်အချိန်တွေ နည်းလာမယ်

လူတစ်ယောက်ကို ချစ်မိတဲ့အခါ ကိုယ့်ဘဝထဲက အဖိုးတန်အချိန်တွေကို ခွဲပေးရလေ့ရှိပါတယ်။ ကိုယ့်အတွက် ကိုယ်ပိုင်သီးသန့်အချိန်ဆိုတာ ရှိတော့မှာမဟုတ်သလို ကိုယ်ဝါသနာပါတဲ့ အရာတွေ ၊ ကိုယ့်ပတ်ဝန်ကျင် အနီးအနားက ချစ်ခင်ရတဲ့ မိသားစု / မိတ်ဆွေတွေ နဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားရမယ့် အချိန်တွေအတွက်ပါ  အာရုံမစိုက်နိုင်တော့ပဲ လေလွင့်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

(၂) ပျော်ရွှင်စရာတွေ နည်းလာမယ်

တခြားလူတစ်ယောက်အပေါ် အရာအားလုံး ပုံအပ်ပြီး ချစ်မိတဲ့အခါ သင့်ဘဝရဲ့ ပျော်ရွှင်မှုတွေ အားလုံးဟာ တခြားတစ်စုံတစ်ယောက်ပေါ်မှာပဲ မူတည်သွားပါလိမ့်မယ်။

ကိုယ့်ရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု စတဲ့ စိတ်ခံစားချက် အားလုံးကို တခြားသူတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားလိုက်မယ်ဆိုရင် ကိုယ်ပိုင်ပျော်ရွှင်မှုဆိုတာလည်း ရှိနိုင်တော့မှာ မဟုတ်ပါဘူး။

(၃) ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာမယ်

အချစ်က ကိုယ့်ဘဝထဲက အရာရာတိုင်းထက် ရှေ့ကိုရောက် နေမယ်ဆိုရင် ဘဝမှာ ကိုယ်ဘာဖြစ်တာလဲ ၊ ဘာလိုချင်တာလဲ ၊ ဘာအတွက်ရှင်သန်နေရတာလဲဆိုတဲ့ ဘဝအဓိပ္ပါယ်တွေ အားလုံးပျောက်ရှလာမှာ ဖြစ်ပါတယ်။

အချစ်က လူတိုင်းရဲ့ဘဝမှာ တစ်စိတ်တစ်ပိုင်းအရေးပါတာ မှန်ပေမယ့် အချစ်တစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်နိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။

(၄) ရပ်တည်ဖို့ ခွန်အားတွေ လျော့လာမယ်

အချစ်မှာ နစ်မြောသွားရင် ကိုယ့်အတွက် ဒီလူက ကောင်းသလား ၊ ဆိုးသလား စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ မရှိတော့သလို အထီးကျန်မှုရဲ့ ဝေဒနာကို ရင်ဆိုင်ဖို့ သတ္တိမရှိတော့ပဲ သူမရှိရင် ငါတော့မရှင်သန်နိုင်ဘူးဆိုတဲ့အထိ တစ်ယောက်တည်း ရပ်တည်နိုင်ဖို့ ခွန်အားတွေ ပျောက်ဆုံးသွားတက်ပါတယ်။