ချစ်သူနဲ့ နှစ်ယောက်တစ်ဘဝ ထူထောင်ပြီး လက်ထပ်ပြီးတဲ့နောက်မှာ ဘယ်အမူအကျင့်တွေက ပြောင်းလဲသွားသလဲဆိုတာကို သိကြပါသလား။ အခုဖော်ပြသွားမယ့် အချက်လေးတွေကတော့ လက်ထပ် ပြီးပြီးချင်း ပြောင်းလဲသွားတဲ့အရာတွေဖြစ်ပါတယ်။

လက်ထပ်ပြီးတဲ့သူတိုင်းကလည်း ပြောင်းလဲသွားတဲ့အရာတွေကို လူသိရှင်ကြား ကြေညာကြတာမဟုတ်တော့ သင့်အနေနဲ့ လက်မထပ်ခင်မှာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်နိုင်ပါတယ်။

အချိန်ကုန်မြန်လာတယ်

ကိုယ် ချစ်ရတဲ့သူနဲ့ အတူတူရှိနေရတာဆိုတော့ အချိန်ကုန်မှန်းမသိ အကုန်မြန်လာတာကို ခံစားရမှာပါ။ အရင်ကဆို ကိုယ့်ချစ်သူနဲ့တွေ့ဖို့ တစ်ရက် တစ်ရက် စောင့်ဆိုင်းရတာက တစ်နှစ်လောက်ကြာသလို ခံစားနေရမှာပါ။

အိမ်မနီးတဲ့သူတွေ၊ LDRS သမားတွေဆို ပိုဆိုးပါတယ်။ တစ်ခါတစ်ခါ တွေ့ဖို့အရေး အချိန်အကြာကြီး စောင့်ရပါတယ်။ ဒါပေမဲ့ လက်ထပ်ပြီးတဲ့အခါမှာတော့ အရာရာက ရုတ်ချည်းပြောင်းလဲသွားပြီး ပျော်စရာကောင်းသွားပါလိမ့်မယ်။

ပိုက်ဆံအသုံးပြုတဲ့ပုံစံ ကွာခြားသွားတယ်

အရင်ကဆို ကိုယ့်ပိုက်ဆံကို ကိုယ့်စိတ်ကြိုက် သုံးဖြုန်းမယ်ဆိုတဲ့ အနေအထားကနေ နှစ်ယောက်အတူတူဖြစ်လာတော့ အနာဂတ်အတွက် ပိုက်ဆံတွေလည်း ပိုစုချင်လာပါလိမ့်မယ်။ သားသမီးရတနာလေးတွေအတွက်လည်း ပိုက်ဆံပိုစုဖို့ အကြောင်းဖန်လာပါလိမ့်မယ်။

ဝိတ်တက်လာမယ်

ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူပျော်ပျော်ရွှင်ရွှင် နေထိုင်ရတဲ့အပြင် အစားကောင်း အသောက်ကောင်းတွေကို စိတ်ကြိုက်လုပ်စားကြတဲ့အတွက်ကြောင့် ဝိတ်တက်မှန်းမသိ တက်လာပါလိမ့်မယ်။ လက်ထပ်ပြီးတဲ့အချိန်မှာ ဝိတ်တက်လာတယ်ဆိုတာကတော့ ပျော်ရွှင်မှုရဲ့ သင်္ကေတတစ်ခုပါပဲ။

အိပ်စက်မှုစက်ဝန်း ပြောင်းလဲသွားမယ်

အရင်က မနက် နှစ်နာရီ၊ သုံးနာရီလောက်မှ အိပ်စက်အနားယူတတ်တဲ့သူတွေဟာ အခုဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ အတူတူအိပ်ရာဝင်ကြတာဆိုတော့ အိပ်စက်မှုစက်ဝန်းသည်လည်း ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။