Relationship တစ်ခုမှာ ဘယ်လောက်ချစ်ချစ် လိုတာထက်ပိုပြီး သည်းမခံသင့်ပါဘူး။ သည်းခံသင့်တဲ့အရာဆို သည်းခံပြီး သည်းမခံသင့်တဲ့အရာဆိုရင် ပြတ်သားမှသာ ကိုယ်စိတ်ချမ်းသာရမှာပါ။ မဟုတ်ရင်တော့ ဒေါသထွက်လိုက်၊ စိတ်ဆင်းရဲလိုက်နဲ့ပဲ ဖြစ်နေမှာပါ။

ဖောက်ပြန်ခြင်း

ဖောက်ပြန်တဲ့အရာကတော့ လုံးဝသည်းခံပြီးခွင့်လွှတ်ပေးစရာအကြောင်း လုံးဝမရှိပါဘူး။ တစ်ခါဖောက်ပြန်ပြီးတဲ့သူက နောက်တစ်ခါထပ်ပြီး မဖောက်ပြန်ဘူးလို့ ပြောလို့မရပါဘူး။ ဒါကြောင့် ဖောက်ပြန်တဲ့ကိစ္စတွေ ဖြစ်လာရင်တော့ သည်းမခံပဲ ပြတ်သားသင့်တာ ပြတ်သားရပါမယ်။

ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း

ရည်းစားဘဝမှာတောင် လက်ပါပြီး ကိုယ်ထိလက်ရောက်ကျုးလွန်နေရင် အိမ်ထောင်သည်ဘဝကို ရောက်သွားတဲ့အခါ ပိုဆိုးမှာပါ။ သည်းခံနေရင် လုပ်လို့ရတယ်ဆိုပြီး နောက်လည်း အမြဲ ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး ပိုပိုဆိုးလာမှာပါ။ ဒါကြောင့် လုံးဝသည်းမခံသင့်ပါဘူး။

ရိုင်းစိုင်းစော်ကားခြင်း

ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးမဟုတ်လည်း အမြဲတမ်း ရိုင်းစိုင်းဆဲဆိုပြီး လူရှေ့သူရှေ့မရှောင် ကိုယ့်ကို စော်ကားပြောဆိုတာမျိုးတွေကိုလည်း လုံးဝသည်းမခံသင့်ပါဘူး။ အမြဲစိတ်ဆင်းရဲပြီး အရှက်ကွဲတာ၊ မျက်နှာပျက်ရတာတွေ ဖြစ်လာပါလိမ့်မယ်။

ခဏခဏလိမ်နေခြင်း

တစ်ခါတစ်လေလိမ်ညာတာလောက်ကတော့ သည်းခံခွင့်လွှတ်ပေးသင့်ပေမယ့် အမြဲတမ်းလိမ်ညာနေတာ၊ တစ်ခုခုဆို လိမ်ညာနေတာတွေကြောင့်ပဲ ပြဿနာတွေတက်နေရတာဆိုရင်တော့ သေချာစဉ်းစားသင့်ပါပြီ။ ခဏခဏလိမ်နေတဲ့သူက လိမ်ညာနေတာကအကျင့်ဖြစ်ပြီး စိတ်ဆိုးလည်း ပြန်ချော့ရင်ရပါတယ်ဆိုပြီး အမြဲလိမ်ညာနေတော့မှာပါ။

ကိုယ်ပိုင်လွတ်လပ်ခွင့်တွေပျောက်ဆုံးနေခြင်း

Relationship တစ်ခုမှာ ချစ်လို့ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ချုပ်ချယ်တာ၊ သူ့စိတ်တိုင်းကျနေခိုင်းတာ၊ ကိုယ်နေချင်သလို နေလို့မရ၊ လုပ်ချင်သလို လုပ်လို့မရတာတွေကလည်း ကြာလာရင် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ပျောက်ဆုံးပြီး မွန်းကြပ်လာပါလိမ့်မယ်။