စာဖတ်သူတို့အားလုံးပဲမင်္ဂလာပါနော်။

ကျွန်မတို့တတွေအားလုံး ငယ်ရာကနေ ကြီးလာကြတဲ့သူတွေပါ။ ငယ်ငယ်တုန်းက ကျွန်မတို့တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိကြပါတယ်။ အဲဒီတုန်းက ပေါ့ပေါ့ပါးပါး ဆော့ကစားကြတယ်။ ပေါ့ပေါ့ပါးပါးပြေးကြတယ်။

ကိုယ့်ရဲ့ ရုပ်ရည်၊ခန္ဓာကိုယ်အချိုးအစား၊ အသံ၊ အလှအပအပေါ်မှာ ဘာစိုးရိမ်မှုမှမရှိကြသလို ကိုယ့်အရည်အချင်းပေါ်မှာလည်း ဘာသံသယမှမရှိကြပါဘူး။

ဒါပေမယ့် အသက်ကြီးလာတဲ့အခါ ပတ်ဝန်းကျင်ကပြောတဲ့ စကားတွေက ကျွန်မတို့ဆီက ယုံကြည်မှုကို တဖြည်းဖြည်း ပြန်ပြီး စုပ်ယူသွားပါတယ်။

ကိုယ့်ကိုကိုယ် ယုံကြည်မှုပြန်ရအောင် ဘယ်လိုလုပ်ရမလဲ။

စိတ်ခွန်အားကိုမြင့်တင်ပါ

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ အရင်ဆုံး စိတ်ခွန်အားကို မြင့်တင်ပါ။ စိတ်ကိုအစာကျွေးပါ။ စာများများဖတ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ တရားထိုင်ပါ။ သင့်ကိုယ် သင်အချိန်မပေးဘူးဆိုရင်တော့ တခြားသူတွေရဲ့ အမြင်တွေ၊ ပြောစကားတွေက သင့်ကို လွမ်းမိုးလာမှာဖြစ်ပါတယ်။

သင့်အတွက်မလိုအပ်တဲ့ မကောင်းတဲ့အတွေးအခေါ်တွေကို ဖယ်ရှားလိုက်ပါ

ကျွန်မတို့တတွေ ကိုယ့်ကိုကိုယ် သိပ်အထင်သေးတတ်ကြပါတယ်။ မှန်ကိုကြည့်ရင် ငါ့နှာခေါင်းကမလှဘူး၊ မျက်နှာက ဝက်ခြံတွေပဲ၊ အရပ်ရှည်ချင်လိုက်တာ၊ ငါရုပ်များအရမ်းဆိုးနေသလား၊ တခြားသူတွေကိုယ့်ကိုဘာပြောကြမလဲ.. စသဖြင့်ပေါ့။ လူတိုင်းမပြည့်စုံပါဘူး။ ဒီလိုမကောင်းတဲ့အတွေးအခေါ်တွေက သင့်ကို မလုံခြုံမှုတွေဖြစ်စေပါတယ်။

သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြင့်တက်စေတဲ့ ဘဝနေထိုင်မှုပုံစံကိုရွေးချယ်ပါ

သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ သင့်ကို ချစ်တဲ့သူတွေအများကြီးနဲ့ သင့်ကို ဝန်းရံထားပါတယ်။ အကောင်းဘက်က ပြောတဲ့ ပတ်ဝန်းကျင်နဲ့အချိန်ဖြုန်းပါ။ မကောင်းတဲ့သူတွေကို အာရုံမထည့်ပါနဲ့လို့ ပြောချင်ပါတယ်။

သင့်ကို ပုတ်ခတ်ပြောဆိုနေသူတွေဟာ သင့်ကိုဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး

သင်မှန်တယ်လို့ထင်ရင် လုပ်ပါလို့ စာရေးသူကတော့အကြံပြုချင်ပါတယ်။ သင့်ကို အပုတ်ချပြောဆိုနေသူတွေက သင့်အတွက် ငွေကုန်ကြေးကျမခံပါဘူး။ သင့်အခက်အခဲတွေကို ဖြေရှင်းပေးမှာမဟုတ်ပါဘူး။ သူတို့ကို ဒီအတိုင်း ဥပေက္ခာပြုလိုက်ပါ။ သင့်ကိုယ်သင် ယုံကြည်ပါ။ သင့်ကုယ်သင် တန်ဖိုးထားပါ။

By: MyStyle Myanmar