ကမ္ဘောဇဘဏ်မှ မိုးသည်းထန်စွာ ရွာသွန်းသည့် ကာလအတွင်း မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများတွင် သဘာဝဘေးအန္တရာယ်နှင့် လူသားချင်း စာနာဖေးမမှုဆိုင်ရာ အခက်အခဲများ လျော့နည်းစေရန် ငွေကျပ် (၅၆) သန်းကျော် တန်ဖိုးရှိ အသက်ကယ်ဖိုင်ဘာလှေများ ပေးအပ်လှူဒါန်း ခဲ့ပါတယ်။ အဆိုပါ လှူဒါန်းမှုကို ၂၀၁၉ ခုနှစ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) သို့ လှူဒါန်းခဲ့ပြီး ဖြစ်ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီး စသည့် ပြည်နယ်နှင့်တိုင်း (၅) ခုအတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် အသက်ကယ်လှေ (၂၆) စင်း အသင့်ရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်၏ လူမှုရှေးရှုမဏ္ဍိုင် (၃) ချက်အနက် “ပညာပေးလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး” ဟူသည့် အချက်နှင့်အညီ ဘဏ်၏အသစ်ဖွဲ့စည်းထားသော Social Purpose and Impact Partnerships Committee က ယခုကဲ့သို့ လှူဒါန်းနိုင်ရေး လေ့လာအကဲဖြတ် ထောက်ခံပေးခဲ့ပါတယ်။ ယခင် ကြုံတွေ့ခဲ့ရသည့် ကယ်ဆယ်ရေးလုပ်ငန်း အတွေ့အကြုံများကိုအခြေခံ၍ သင့်တော်မှုအရှိဆုံး အသက်ကယ်လှေ အရွယ်အစား၊ ပုံစံအမျိုးမျိုးကို လေ့လာအကဲဖြတ်ပြီး ကမ္ဘောဇဘဏ်၏ လှူဒါန်းမှုအတွက် ပွင့်လင်းမြင်သာမှုရှိစွာ တင်ဒါခေါ်ယူကာ ဝယ်ယူခဲ့ပါတယ်။ အသက်ကယ်ဖိုင်ဘာလှေ (၂၆) စင်းအနက် (၉) စင်းကို ရန်ကုန်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသော (၁၇) စင်းကို မြို့နယ် (၁၄) ခုသို့ အသီးသီး ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ဒေသခံလူ့အဖွဲ့အစည်းများ အနေဖြင့် အသက်ရှင်နေထိုင်ရန် မရှိမဖြစ် လိုအပ်သည့် စားနပ်ရိက္ခာ၊ ရေသန့်၊ နားခိုစရာနှင့် အခြေခံ စောင့်ရှောက်မှုများ ပျက်စီးဆုံရှုံးရစမြဲ ဖြစ်ပါတယ်။ ထိုအချိန်များတွင် အသက်အိုးအိမ်၊ စည်းစိမ်ပျက်စီးဆုံးရှုံးရခြင်း ကပ်ဘေးသာမက ဒေသခံပြည်သူများ၏ ဘဝနေထိုင်မှုများ ကိုလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသောကြောင့် ဆက်လက် ရှင်သန်ရပ်တည်ရန် မသေချာ၊ မရေရာမှုများဖြင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရတယ်။

ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်ခမ်းက “ကမ္ဘောဇဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ် တစ်ခုခု ကျရောက်တိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အမြဲ ကူညီထောက်ပံ့ခဲ့ပါတယ်။ အခုလည်း သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရေးနဲ့ ထိခိုက်ဆုံးရှုံးမှုတွေ လျော့ကျ စေဖို့ လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေ ပံ့ပိုးဖြည့်တင်းပေးနေတာပါ။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့နဲ့ တိုင်ပင် ဆွေးနွေးအပြီးမှာ သဘာဝဘေး အန္တရာယ်ကျရောက်လေ့ရှိတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ လူသားချင်း စာနာ ထောက်ထားစွာ အကူအညီပေးနိုင်ဖို့ အရေးပေါ် လိုအပ်နေတဲ့ အသက်ကယ်လှေတွေ လှူဒါန်းဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ သဘာဝဘေးအန္တရာယ် ကျရောက်လေ့ရှိတဲ့ ဒေသတွေကို ဆက်ပြီး ဘယ်လိုကူညီထောက်ပံ့ပေးရမလဲဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကယ်ဆယ်ရေး အသင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အဖြေရှာသွားပါမယ်” ဟု ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရသည့် မွန်ပြည်နယ်ရှိ ဒေသခံ ပြည်သူများအတွက် Yangon Rescue Organization သို့ ငွေကျပ် (၃၅) သန်း လှူဒါန်းခဲ့ပြီးနောက် ယခုကဲ့သို့ အသက်ကယ်လှေများ ထပ်မံ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဖွဲ့စည်းထားသော ကြက်ခြေနီ ဌာနချုပ်သည် အဆိုပါ ဒေသများရှိ စေတနာလုပ်အားရှင်များထံမှ အချက်အလက်များ စုဆောင်းပြီး ကူညီကယ်ဆယ်ရေး အတွက် လိုအပ်သည့် အထောက်အကူပြုကိရိယာများ ပို့ဆောင်ပေးလျက် ရှိပါတယ်။

“ကမ္ဘောဇဘဏ်က လှူဒါန်းတဲ့ အသက်ကယ်လှေတွေကို ကူညီကယ်ဆယ်ရေး လုပ်တဲ့အချိန်မှာ ထောက်ပံ့ ပို့ဆောင်ရေးနဲ့ လူသားချင်း စာနာထောက်ထားစွာ အကူအညီပေးရေးအတွက် အသုံးချနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အထူးပဲ ကျေးဇူးတင်ဂုဏ်ပြုလိုပါတယ်။ ဒီ အသက်ကယ်လှေတွေကို အသုံးပြုပြီး ဝေးလံတဲ့ဒေသတွေမှာရှိတဲ့ ပြည်သူတွေ အထိ သွားရောက် ကူညီကယ်ဆယ်ပေးနိုင်ပါတော့မယ်။ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဒေသတွင်း ပြင်ဆင်မှုတွေ ဆောင်ရွက်ဖို့နဲ့ ဒေသအလိုက် အရေးပေါ် အလိုအပ်ဆုံး အရင်းအမြစ်တွေ ထောက်ပံ့ပေးအပ်နိုင်ဖို့ ကမ္ဘောဇဘဏ်နဲ့ ဆက်လက် ပူးပေါင်းလုပ်ဆောင်သွားဖို့ မျှော်လင့်ပါတယ်။” မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော် ကပြောကြားခဲ့ပါတယ်။

ကမ္ဘောဇဘဏ် အကြောင်း

ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း (၅၀၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင်ဘဏ် ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် အခြေစိုက်သည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံ၏ လူမှုဘဝ အရည်အသွေးကို ဘဏ်လုပ်ငန်းမှတစ်ဆင့် တိုးမြှင့်ရန်ဟူ၍ ဖြစ်သည်။

ကမ္ဘောဇဘဏ်သည် လက်ရှိတွင် မြန်မာနိုင်ငံ၏ retail နှင့် commercial ဘဏ်လုပ်ငန်းတွင် ဈေးကွက်၏ ၄၀% ကို ရယူထားပါသည်။ ကမ္ဘောဇဘဏ်သည် တီထွင်ဆန်းသစ်မှုဆိုင်ရာ အခွင့်အလမ်းများ၊ မြန်မာပြည်သူ လူထု၏ လိုအပ်ချက်နှင့် နိုင်ငံ၏ တမူထူးခြားသည့် စီးပွားရေးပုံစံ အခင်းအကျင်းကို ကောင်းစွာသဘောပေါက် နားလည်သည့်အားလျော်စွာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍကို၊ အထူးသဖြင့် ဒစ်ဂျစ်တယ်နှင့် နည်းပညာ ကဏ္ဍများတွင် ရှေ့ပြေးဦးဆောင်လျက် ရှိပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပိုမိုလွတ်လပ်ကျယ်ပြန့်လာသည်နှင့်အမျှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည့် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းများရှိလာမည့်အတွက် ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ အရှိန်အဟုန်နှင့် တိုးတက်ဖြစ်ထွန်းနေသည့် မြို့ကြီးများ၊ စွန့်ဦးတီထွင်သူများ၊ ဒေသတွင်း လူမှု အသိုက်အဝန်းများကို အရေးပါ၍ အချက်အချာကျသည့် ပေါင်းကူးတံတားအဖြစ် ပံ့ပိုးပေးလျက် ရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကမ္ဘောဇဘဏ်၏ Social Purpose and Impact Partnerships Committee ကို ဖွဲ့စည်းခဲ့ပြီး အောက်ပါ မဏ္ဍိုင်များပါဝင်သည့် ဘဏ်၏ လူမှုရှေးရှု မူဝါဒအောက်မှတစ်ဆင့် အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှပါသည်။

၁။ ပညာပေးလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး
၂။ အနာဂတ် စီးပွားရေးကဏ္ဍအတွက် ထူးချွန်ထက်မြက်သူများ မွေးထုတ်ပေးနိုင်ရေး
၃။ မတူကွဲပြားသူများအားလုံး စုပေါင်းပါဝင်နိုင်သည့် လူမှုဝန်းကျင်နှင့် လုပ်ငန်းခွင်များ ဖော်ဆောင်နိုင်ရေး