တချို့သူတွေက ချစ်သူရတာနဲ့ RS ကိုပြောင်းလိုက်ပြီး ချစ်သူနဲ့ အတူတူ ကြည်နူးနေတဲ့ပုံတွေ ခဏခဏ တင်လေ့ရှိကြပါတယ်။ တခါတလေ စိတ်ဆိုးစိတ်ကောင်းတဲ့အကြောင်းတွေ၊ တခါတလေ အရမ်းကို ချစ်နေတဲ့အကြောင်းတွေ စုံလို့ပါပဲ။ ဒါပေမယ့် RS ကို ဆိုရှယ်မီဒီယာပေါ် မတင်တဲ့စုံတွဲတွေမှာ ဘယ်လိုခံယူချက်တွေ ရှိတယ်ဆိုတာကို မျှဝေပေးပါမယ်။

၁။ ပျော်ရွှင်မှုဆိုတာ post တစ်ခုတင်ရုံမျှမဟုတ်ဘူးလို့ ခံယူထားကြတယ်။

ချစ်သူနှစ်ဦး အတူတူရှိနေတဲ့ အခိုက်တန့်လေးမှာ Post တစ်ခုတင်ရင်းနဲ့ အချိန်မဖြုန်းချင်ကြပါဘူး။ သူတို့နှစ်ယောက် အတူတူ ရှိနေချိန် အဲဒီလို တင်ဖို့တောင် အာရုံမရှိကြဘူး။ ပျော်ရွှင်မှုကို တန်ဖိုးရှိရှိမျှဝေကြတဲ့သူတွေဖြစ်ပါတယ်။

၂။ ချစ်သူနှစ်ဦးကြားပြဿနာဟာ အွန်လိုင်းပေါ်တင်လိုက်တာနဲ့ ပြေလည်သွားမှာမဟုတ်ဘူး။

ချစ်သူနှစ်ဦးကြားမှာ ရှိနေတဲ့ပြဿနာကို လူသိရှင်ကြား ကြေညာစရာမလိုဘူးလို့ ခံယူထားကြပါတယ်။ တခြားနည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းတတ်တဲ့သူတွေပါ။ အွန်လိုင်းပေါ်တင်တာဟာ အကောင်းထက် အဆိုးကိုပဲဖြစ်စေပါတယ်။

၃။ စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ သင်ချစ်တဲ့သူနဲ့အတူရှိနေရတဲ့ အခိုက်အတန့်လေးကနေ ရိုးရှင်းစွာ ဆင်းသက်လာတဲ့အရာတစ်ခုပါ။

Facebook မှာ ပုံတင်ပြီး သင်ဘယ်လောက်ထိပျော်နေတယ်ဆိုတာကို သက်သေပြဖို့မလိုပါဘူး။ နှစ်ဦးသား အတူတူ ရှိနေခြင်းက ပြီးပြည့်စုံတဲ့အရာတစ်ခုပါပဲ။ အဲဒီလိုခံယူထားတဲ့ ချစ်သူတွေက ဖေ့ဘုတ်ပေါ်မှာ ပုံတင်လေ့မရှိပါဘူး။

၄။ အရေးကြီးဆုံးဆိုတာ ဘာလဲ

သုတေသနပြုချက်အရ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပုံမတင်ကြတဲ့ ချစ်သူစုံတွဲတွေဟာ ပုံတင်ကြတဲ့ စုံတွဲတွေနဲ့ ယှဉ်ရင် ပိုပြီး ပျော်ရွှင်ကြတယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်သူတို့ တခြားစုံတွဲတွေနဲ့ နှိုင်းယှဉ်လေ့မရှိလို့ပါပဲ။ စစ်မှန်တဲ့ အပြင်လောကကအရေးပါသလား။လူမှုကွန်ရက် စာမျက်နှာက အရေးပါသလားဆိုတာကို သိရှိနားလည်ထားကြပါတယ်။

စာဖတ်သူတို့ကော ဘယ်လိုမြင်ပါသလဲ။ ကိုယ့်ရဲ့အတွေးအမြင်တွေကို လွတ်လပ်စွာရေးသားမျှဝေနိုင်ပါတယ်။