ချွေးနံ့နံတာ ၊ ဂျိုင်းချွေးနံ့နံတာမျိုးက ကိုယ်လည်းအဆင်မပြေသလို ဘေးလူတွေအတွက်လည်း စိတ်ညစ်စရာပါ။ အခုလိုနေပြင်းတဲ့အချိန်မျိုးဆို ခန္ဓာကိုယ်က ချွေးထွက်များတဲ့အခါ ပိုဆိုးပေါ့။ ဒီလိုဖြစ်တာကို သက်သာစေဖို့နဲ့ မဖြစ်အောင်ကာကွယ်ဖို့က ဒီအချက်တွေကို မဖြစ်မနေလိုက်နာဖို့ လိုအပ်ပါတယ်။

ရေချိုးပါ


တစ်နေ့တာလုံး အနံ့မွှေးပြီး သန့်ရှင်းလတ်ဆတ်ဖို့နဲ့ ခန္ဓာကိုယ်ကအနံ့ဆိုးတွေကို ဖယ်ဖို့အတွက် ရေပုံမှန်ချိုးပေးပါ။ ကိုယ့်အသားအရေ အမျိုးအစားနဲ့ ရာသီဥတုပေါ်မူတည်ပြီး တစ်နေ့ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ရေချိုးပါ။

လျှော်ပြီးမှဝတ်ပါ

အဝတ်တစ်ထည်ကို နှစ်ရက် သုံးရက် ဝတ်တာက ကိုယ့်အနံ့အသက်ကို ပိုဆိုးစေတဲ့အပြင် အရေပြား ပြဿနာဖြစ်ဖို့လည်း ပိုများစေပါတယ်။ ဒါကြောင့် တစ်နေ့လုံး အနံ့အသက်ကောင်းစေဖို့ အဝတ်ကိုပုံမှန်လျှော်ပေးပါ။ ခြေအိတ်ကို တစ်နေ့တစ်စုံ ဝတ်ပါ။

ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ

တစ်ယောက်နဲ့တစ်ယောက် ချွေးထွက်များတဲ့နေရာ မတူကြတာမလို့ ကိုယ့်ရဲ့ချွေးထွက်များတဲ့နေရာကို ပိုဂရုစိုက်ဖို့ လိုပါတယ် ။ လက်ကချွေးထွက်များရင် လက်ဆေးရည်သုံးပေးပါ။ ခံတွင်းနံ့မကောင်းရင် ပီကေ ဒါမှမဟုတ် ခံတွင်းသန့်စင်ဆေးများကို သုံးပါ။ အနံ့ပြင်းပြင်း အစားအသောက်တွေကို ရှောင်ပါ။ ဂျိုင်းကချွေးထွက်များရင် ရေမွှေး သို့ Roll On သုံးပါ။

ခေါင်းလျှော်ပါ

တချို့က ခန္ဓာကိုယ်ကို ဂရုစိုက်တတ်ကြပေမယ့် ဆံပင်ကို မေ့နေတတ်ကြပါတယ်။ ချွေးနဲ့အဆီတွေကြောင့် ဆံပင်ကနေ အနံ့ဆိုးထွက်တာကာကွယ်ဖို့ ခေါင်းလျှော်ဖို့မပျင်းပါနဲ့။ နေ့တိုင်း ခေါင်းလျှော်ရင် ဆံပင်တွေ ခြောက်လာနိုင်တာမလို့ တစ်ပတ်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်လောက်လျှော်ပေးပါ။

အမွှေးနံ့သာသုံးပါ

တစ်နေ့လုံးမွှေးကြိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့အတွက် အနံ့ကောင်းပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ ရေမွှေးကို ရွေးပြီး သုံးပေးပါ။ တစ်ကြိမ်မှာ ရေမွှေးတစ်မျိုးတည်း သုံးပါ။ အနံ့ပြင်းလွန်းတဲ့ရေမွှေးတွေထက် Soft ဖြစ်တဲ့ ရေမွှေးတွေကို သုံးတာက ပိုကောင်းပါတယ်။