ကိုယ့်ဆံပင်က ပျက်စီးတယ်လို့မထင်ထားပေမယ့် ဆိုင်မှာဆံပင်သွားလုပ်တဲ့အခါ ဆိုင်က ဆံသားပျက်စီးနေတယ်လို့ပြောတာမျိုး ကြုံဖူးလား ? ဒါဆို သင့်ဆံကေသာပျက်စီးမှုရှိမရှိ သိရဖို့ အခုပြောပြမယ့် အချက်တွေနဲ့ စစ်ကြည့်လိုက်ပါ။

ဆံသားခြောက်တာ

ဆံသားပျက်စီးသွားတဲ့အခါ ရေဓာတ်ခန်းခြောက်လာတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ဆံပင်ကကြွပ်ဆတ်ပြီး ခြောက်လာပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ ဆံသားကောင်းနေတာတောင်မှ သဘာဝအတိုင်းခြောက်တဲ့ ဆံသားမျိုးလည်း ရှိပါသေးတယ်။ ဒီလိုဆံသားမျိုးကတော့ ရေဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည် ၊ ပျော့ဆေး တို့ကို ပုံမှန်သုံးပေးပါ။

ဆံပင်ကျွတ်တာ

တကယ်တော့ ပျမ်းမျှလူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် 50 နဲ့ 100 ကြား ပုံမှန်ကျွတ်တာဖြစ်ပေမယ့် ပုံမှန်ထက်ကျော်ပြီး အများကြီးကျွတ်လာရင်တော့ သင့်ဆံသားကို သေချာထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။

ဆံပင်ငြိတာ

ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေက ရှုပ်ပြီး ငြိနေတာ ရှင်းရခက်နေတာမျိုးတွေကလည်း ဆံသားပျက်စီးခြင်းရဲ့လက္ခဏာတစ်ခုပါပဲ။

အဖျားနှစ်ခွဖြစ်တာ

လူတိုင်းနီးပါးမှာ နည်းနည်းပါးပါး ဆံပင်နှစ်ခွဖြစ်တာက ဖြစ်လေ့ဖြစ်ထရှိပေမယ့် သင့်ဆံသားက အကုန်လုံးနှစ်ခွဖြစ်နေရင်တော့ ဒါဟာ သင့်ဆံပင်ကို သေချာဂရုစိုက်ဖို့ လိုနေပါပြီ။