တချို့မိန်းကလေးတွေက အချစ်ရေးနဲ့ပတ်သက်ပြီး နာကျင်ရတာတွေ၊ ကြုံတွေ့ခဲ့ရတာတွေ များလာရင် ရင့်ကျက်သွားတတ်ကြတယ်။ ရင့်ကျက်လာတဲ့အခါမှာ အချစ်ရေးနဲ့ပတ်သက်ပြီး sensitive သိပ်မဖြစ်တော့ဘူး။ စိတ်ထဲသိပ်မထားတတ်ကြတော့ဘူး။ အတွေးတွေကလည်း ပြောင်းလဲလာတယ်။ ဒီလို အချစ်ရေးနဲ့ပတ်သက်ပြီး ရင့်ကျက်လာတဲ့မိန်းကလေးတွေ မလုပ်တော့တဲ့အရာတွေကတော့…..

အချစ်ကိုဦးစားမပေးတော့ဘူး

မရင့်ကျက်သေးခင်မှာတော့ အရာရာထက် အချစ်ရေးကိုပဲ ဦးစားပေးတတ်ကြတယ်။ ရင့်ကျက်လာတဲ့အခါမှာတော့ အချစ်ရေးကို ဦးစားမပေးတော့ပဲ အချစ်ထက် အရေးကြီးတာတွေ၊ တကယ့်လက်တွေ့ဘဝကို တိုးတက်ပြောင်းလဲလာအောင် လုပ်ဖို့တွေကိုပဲ ဦးစားပေးစဉ်းစားတတ်လာပါတယ်။

ကိုယ့်နားမနေချင်တဲ့သူတစ်ယောက်ကိုဆွဲမထားတော့ဘူး

အရင်ကတော့ ကိုယ့်နားမနေချင်တဲ့သူတစ်ယောက်ကို ဆွဲထားတယ်၊ ကိုယ်နဲ့မတွဲချင်တော့တဲ့ လက်တစ်စုံကို နာကျင်မှန်းသိသိရက်နဲ့ ဖမ်းဆုပ်ထားခဲ့ကြတယ်။ တကယ်ရင့်ကျက်လာတဲ့အခါမှာတော့ ကိုယ့်နားမနေချင်ရင် ထွက်သွားခွင့်ပေးလိုက်တယ်။ မေ့နိုင်အောင် ကြိုးစားလိုက်တယ်၊ လက်ခံပေးလိုက်တယ်။ ကိုယ့်ဘဝကို ဒီလူတစ်ယောက်ထဲအတွက်ပဲ ပုံအပ်မထားတော့ဘူး။ နစ်မွန်းမခံတော့ဘူး

ကိုယ့်ရည်းမှန်းချက်ကိုအပျောက်မခံတော့ဘူး

အချစ်ကိုကိုးကွယ်ခဲ့တဲ့ ငယ်ရွယ်စဉ်မှာတော့ ကိုယ်ချစ်တဲ့သူရှိရင်ပြီးရော အရာရာကို အဆုံးရှုံးခံခဲ့ကြတယ်။ တကယ်ရင့်ကျက်လာတဲ့အခါမှာတော့ ကိုယ့်ရည်းမှန်းချက်တွေ၊ ကိုယ်ဖြစ်ချင်တာတွေကိုပဲ တကယ်အာရုံစိုက်ပြီး လုပ်လာကြတယ်။ ဒီလူတစ်ယောက်အတွက်နဲ့ ကိုယ့်ရည်မှန်းချက်ကို အပျောက်မခံနိုင်တော့ဘူး။

ပျော်ရွှင်မှုကိုအပျောက်မခံတော့ဘူး

အချစ်ကိုဦးစားပေးခဲ့တုန်းက နာကျင်ခံစားခဲ့ရတယ်။ ပူဆွေးဝမ်းနည်းခဲ့ရတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရတယ်။ ဒီလိုနဲ့ ရင့်ကျက်လာတဲ့မိန်းကလေးတွေက သူတို့ပျော်ရွှင်မှုကို တန်ဖိုးထားတတ်လာတယ်။ အရာရာထက် ကိုယ့်ပျော်ရွှင်မှုကိုပဲ ဦးစားပေးသွားကြတော့တယ်။

ငိုယိုပြီးပူဆွေးမနေတော့ဘူး

အရင်လို အချစ်အတွက်နဲ့ ပူဆွေးဝမ်းနည်းမနေတော့ဘူး။ ဝမ်းနည်းလည်း ခဏပဲငိုလိုက်တယ်။ အချိန်တစ်ခုပေးပြီး ခံစားလိုက်တယ်။ ပြီးရင် ကိုယ်လုပ်ရမယ့်အရာကို ဆက်လုပ်တယ်။ ကိုယ့်အတွက် အရေးကြီးတာတွေကို ဆက်လုပ်တယ်။ ဒီဟာကိုပဲ အကြာကြီးခေါင်းထဲထည့်ပြီး ပူဆွေးမနေတော့ဘူး။ ကိုယ့်ဘဝအတွက် ဘယ်ဟာကအရေးကြီးလဲဆိုတာ သိလာတယ်။

Photo Source: www.freepik.com