မင်္ဂလာပါ ပျိုမေတို့ရေ… အခုချိန်မှာ ပျိုမေတို့ရဲ့သူငယ်ချင်းတစ်ယောက်က ချစ်ရတဲ့သူနဲ့လမ်းခွဲလိုက်ရလို့ အရမ်းကိုကြေကွဲဝမ်းနည်းနေမယ်ဆိုရင် သင်ဘာလုပ်ပေးမယ်လို့စဉ်းစားထားလဲ။

တကယ်ကိုအတွဲညီပြီး စိတ်သဘောထားတိုက်ဆိုင်စွာနဲ့ ပေါင်းနေကြတဲ့သူငယ်ချင်းကောင်းတွေဆိုတာ ပျော်စရာတွေရှိနေတဲ့အချိန်မှာဆိုရင်လည်း တူတူပျော်ပေးပြီး၊ ဝမ်းနည်းစရာ စိတ်ရှုပ်စရာတွေရှိနေတဲ့အချိန်မှာဆိုရင်လည်း အကောင်းဆုံးဖေးမပေးနိုင်ရမှာပေါ့။

ဒီတော့ အသည်းကွဲလို့ မစားနိုင်မသောက်နိုင် ပိုးစိုးပက်စက်ခံစားနေရတဲ့ သူငယ်ချင်းကိုကူညီပေးရာရောက်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။

သူပြောတာတွေကိုနားထောင်ပေးလိုက်ပါ

သေချာပေါက်ကို သူရင်ဖွင့်ချင်နေပါလိမ့်မယ်။ သူ့ရင်ထဲမှာရှိနေတာတွေ၊ ခံစားရတာတွေ၊ ဖြစ်ပျက်သွားတာတွေကို သူကောင်းကောင်းပြောပြလို့ရအောင် ကူညီပေးရပါလိမ့်မယ်။ ဒါကတော့ ပထမဆုံးနဲ့ အလွယ်ကူဆုံးလုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးလို့ ပြောလို့ရပါတယ်။

သူ့ခံစားချက်တွေပေါ့ပါးသွာအောင်

ထားခဲ့ခံရလို့ ခံပြင်းလွန်းတဲ့စိတ်၊ ဒေါသဖြစ်တဲ့စိတ်၊ ဝမ်းနည်းတဲ့စိတ်တွေ အားလုံးပေါက်ကွဲထွက်လာအောင် လုပ်ပေးလိုက်ပါ။ ဘယ်လိုမျိုးလည်းဆိုတော့ ဆဲတာတွေ၊ အော်တာတွေ၊ ပစ္စည်းတွေကိုပေါက်ခွဲပစ်တာတွေ၊ ငိုတာမျိုးတွေ စတာတွေကို သူ့စိတ်ကြိုက်လုပ်ခိုင်းလိုက်ပါ။

သူရဲ့အကြိုက်ဆုံးအရာတွေကိုလုပ်ခိုင်းပါ

စိတ်ပျက်အားငယ်နေတဲ့အချိန်မှာ သင်ကအနားမှာနေပေးပြီး စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ အသစ်ထွက်တဲ့ရုပ်ရှင်ကားအကြောင်း ပြောပြတာမျိုး၊ သူကြိုက်တဲ့ မင်းသားပုံတွေကို တူတူကြည့်ပြီး ရယ်စရာတွေပြောတာမျိုးဆိုရင် စိတ်ကိုနည်းနည်းတော့လန်းဆန်းလာစေမှာပါ။

အပြင်ထွက်ပြီး မုန့်စားဖို့ခေါ်တာမျိုး

ဘယ်သူမှတော့ အသည်းကွဲနေတဲ့အချိန်မှာ မုန့်ထွက်စားချင်စိတ်ရှိမှာမဟုတ်ဘူးလေ။ ဒါပေမယ့်လည်း စိတ်ပြေလက်ပျောက်ဖြစ်အောင်လို့ တစ်ခြားသူငယ်ချင်းတွေကိုပါစုပြီးတော့ မုန့်ထွက်စားရင်းနဲ့ သူ့ကိုလည်းစိတ်ညစ်တာတွေ လျော့သွားအောင်ပျော်စရာအကြောင်းလေးတွေ ပြောပေးလိုက်ပါ။

တားမြစ်စရာရှိရင်တားလိုက်ပါ

တကယ်လို့ စိတ်မထိန်းနိုင်ပဲ ထားခဲ့တဲ့သူဆီကို ဖုန်းဆက်တာမျိုးတွေ၊ စာပို့တာမျိုးတွေလုပ်တော့မယ်ဆိုရင် တားသင့်ပါတယ်။ ပြီးတော့ မလုပ်သင့်တဲ့အကြောင်းအရင်းကို သေချာနားလည်အောင်ရှင်းပြပြီး၊ သူ့စိတ်ကိုသူထိန်းနိုင်အောင် ပြောပြပေးရမှာပဲဖြစ်ပါတယ်။

မွန်းကျပ်နေတာတွေပြေလျော့သွားအောင်

ငိုသင့်သလောက်ငိုခိုင်းလိုက်ပါ။ အသည်းကွဲတဲ့သူကို မငိုနဲ့လို့သွားတားလို့လည်း မရဘူးလေ။ ဒါကြောင့် ပေးငိုလိုက်ပါ။ သူ့စိတ်ထဲမှာရှိတဲ့ခံစားချက်အတိုင်း ပေးငိုထားပြီးရင်တော့ သူငယ်ချင်းတွေစုပြီး ကလပ်သွားဖို့တိုင်ပင်ပြီး အသည်းကွဲနေတဲ့ သူငယ်ချင်းကိုပြုစုလိုက်ကြပေါ့။ ဒီနည်းလမ်းက ခဏလောက်တော့ သူ့စိတ်ကိုပေါ့ပါးပြီး ပျော်ရွှင်စေပါလိမ့်မယ်။

ကဲ… ပျိုမေတို့ရဲ့ သူငယ်ချင်းထဲက တစ်ယောက်ကတော့ အသည်းကွဲလွန်းလို့ အလွန်အကြူးတွေ Feel နေပြီဆိုရင်တော့ အပေါ်ကနည်းလမ်းလေးတွေ အတိုင်းလုပ်ကြည့်လိုက်ပါနော်။

Photo Source: Unsplash