လူအချင်းချင်း ဆက်ဆံကူးလူးမှု ရှိနေသမျှတော့ ပဋိပက္ခနဲ့ သဘောထားကွဲလွဲမှုဆိုတာ ရှိတတ်ကြစမြဲပါပဲ။ ဒါကို ရှောင်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်အနေနဲ့ အမြော်အမြင် ရှိရှိပဲ ဖြေရှင်းလို့ရမယ့် ကိစ္စ ဖြစ်ပါတယ်။အထူးသဖြင့် မိသားစုဆိုတာ ကတောက်ကဆ ဖြစ်ဖို့ အခြေအနေအများဆုံး ရှိတဲ့ နေရာ ဖြစ်ပါတယ်။ ဒီတော့ မိသားစုအတွင်း အဆင်ပြေပြေ ငြိမ်းချမ်းတဲ့ ဘဝမျိုးကို ရဖို့အတွက် ပိုပြီး သိမ်မွေ့တဲ့နည်းလမ်းတစ်ချို့ လိုပါတယ်။

(၁) ကိုယ်ဝင်ပါသင့်သလား ကြည့်ပါ

Photo : ZYTO

ပြဿနာဖြစ်တိုင်း ကိုယ်က ငပွကြီးလို နေရာတိုင်း ပါနေမိတတ်ရင် တစ်ခုခုတော့ မှားနေပါပြီ။ အဆင်ပြေညီညွတ်တဲ့ မိသားစုဘဝတစ်ခု ဖြစ်ဖို့ဆို ပြဿနာနဲ့ လိုအပ်သလို ကင်းအောင် နေဖို့လိုပါတယ်။ ကိုယ့်ကြောင့် ပြဿနာ ပိုကြီးစေမယ့် ကိစ္စတွေ ရှောင်ရှားပြီး အငြင်းအခုံဖြစ်မယ့် ကိစ္စတိုင်းမှာ ကိုယ်ပါဝင်သင့် မသင့်ကို ချိန်ဆဖို့ အကြံပေးချင်ပါတယ်။

(၂) ပျော်စရာလေးတွေ ရှာပါ

Photo : Medium

မိသားစုအတွင်း တစ်ယောက်နဲ့ တစ်ယောက် ပြဿနာ ဖြစ်စရာ ကြုံလာတဲ့အခါမျိုးမှာ ပြဿနာကို ဦးစားမပေးဖို့လည်း လိုနိုင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် တင်းမာနေချိန်မှာ နေရာမှန်တဲ့ ဟာသလေးတစ်ခုက ကြီးမားလှတဲ့ ပြဿနာအရှုပ်ထုပ်ကြီးတစ်ခုကို အလွယ်ကလေးနဲ့လည်း ရှင်းပေးနိုင်တယ်ဆိုတာ သတိရလိုက်ပါ။

(၃) အလျင်စလို မပြောမပြုမိပါစေနဲ့

Business Insider

ခေါင်းအေးအေးထား ဖြေရှင်းခြင်းဟာ မှန်ကန်တဲ့ အဆုံးအဖြတ်ကို ဦးတည်စေပါတယ်။ ကိစ္စတစ်ခု ပူလောင်မြိုက်နေချိန်မှာ ဘယ်သူမဆို အတ္တနောမတိနဲ့ ကိုယ်ထင်သလို မြင်ကြတတ်ပါတယ်။ များသောအားဖြင့် အဲ့ဒီအမြင်တွေက မှားပါတယ်။ တကယ်လို့ ကိုယ့်ဘက်က မှန်တယ်ဆိုရင်တောင် ပဋိပက္ခအရှိန်မြင့်နေချိန်မှာ ကိုယ့်ရဲ့ တုန့်ပြန်ချက်ဟာ မှန်ချင်မှ မှန်ပါလိမ့်မယ်။

(၄) စကားလုံးတွေကို သတိထားပါ

Photo : Woman’s Day

ကိုယ်ပြောတဲ့ စကားလုံးကြောင့် တစ်ဖက်လူကို ထိခိုက်နစ်နာသွားစေမယ်ဆိုရင် ဒါလည်း အကျိုးမရှိတဲ့ အလုပ်ပဲမလား။ ဒါကြောင့်ပဲ အငြင်းအခုံဖြစ်နေတုန်းမှာ ကိုယ့်စကားလုံးတွေကို ပိုပြီး စောင့်စည်းဖို့ လိုပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားကြောင့် Relationship ကြိုးတစ်ချောင်း ပြတ်တောင်းသွားအောင် မလုပ်မိပါစေနဲ့။

(၅) ကိုယ့်ကိုယ်ကိုယ် သိပ်မကာကွယ်ပါနဲ့

Photo : Goalcast

ကိုယ့်ကိုယ်ကိုယ် ထုချေကာကွယ်ခွင့်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဒီအခွင့်ကို မိသားစုအတွင်းကိစ္စတွေမှာ ထိုက်တန်မှ သုံးသင့်ပါတယ်။ နေရာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ‘ကာ’ လွန်းရင် တစ်ခြားသူတွေကိုပဲ အပြစ်ဖို့မိတတ်ပါတယ်။ မိသားစုအတွင်းမှာ အဆင်ပြေချင်တယ်ဆိုရင် ဒီအချက်ကိုလည်း လိုက်နာဖို့ လိုပါတယ်။