အဝတ်အစားတွေကို တစ်ခါဝတ်ပြီးတိုင်း တစ်ခါပြန်လျှော်သင့်လို့ လူတိုင်းမှတ်ယူနေကြတာပါ ဒါမှလည်း ကျန်းမာရေးနဲ့ ညီညွှတ်မှာကိုး။ ဒါပေမဲ့ တစ်ချို့ အဝတ်အစားတွေကျပြန်တော့ အမြဲတမ်းလျှော်စရာမလိုဘဲ နှစ်ကြိမ် သုံးကြိမ်လောက်ဝတ်ပြီးမှသာ လျှော်သင့်ပါတယ်၊ ဥပမာပြောရရင် ဂျင်းဘောင်းဘီလိုမျိုးပေါ့။ ဒါဆိုရင် ဘယ်လိုအင်္ကျီမျိုးကို ဘယ်နှကြိမ်ဝတ်ပြီးမှ လျှော်သင့်လဲဆိုတာကို အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

အတွင်းခံဘောင်းဘီများ

အတွင်းခံဘောင်းဘီတွေကို တစ်ကြိမ်ဝတ်ပြီးတိုင်း ပြန်လျှော်ပေးသင့်တယ်ဆိုတဲ့ ကျန်းမာရေးအသိတော့ လူတိုင်းမှာ ရှိကြပါတယ်။

ဂျင်းဘောင်းဘီများ

ဂျင်းဘောင်းဘီတွေ၊ ဂျင်းအင်္ကျီတွေကို ခဏခဏလျှော်တဲ့အခါ အရောင်မှိန်သွားပါတယ်။ ဒါ့ကြောင့် ၅ ကြိမ်၊ ၆ ကြိမ်လောက်ဝတ်ပြီးမှသာ လျှော်သင့်ပါတယ်။

တီရှပ်အင်္ကျီများ

တီရှပ်အင်္ကျီတွေကလည်း အတွင်းခံတွေလိုပဲ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ နေရတာဆိုတော့ တစ်ခါဝတ်ပြီးတာနဲ့ ပြန်လျှော်သင့်ပါတယ်။ ချွင်းချက်အနေနဲ့ကတော့ တစ်နာရီ (သို့) မိနစ်ပိုင်းလောက်သာ ဝတ်ထားတယ်ဆိုရင်တော့ အင်္ကျီချိတ်လေးနဲ့ပြန်ချိန်ထားပြီး ပြန်ဝတ်နိုင်ပါသေးတယ်။

ဂါဝန်များ

မိန်းကလေးတိုင်းကို ဖက်ရှင်ကျစေပြီး ပိုင်ဆိုင်ထားသင့်တဲ့ Dress ဝတ်စုံလေးတွေ

ဂါဝန်တွေကို တစ်ကြိမ်ဝတ်ပြီးတိုင်း တစ်ခါလျှော်နေရင် ပိတ်စအသားဆွေးသွားပြီး ပိတ်စအရောင်မှေးမှန်သွားပါလိမ့်မယ်၊ နှစ်ကြိမ်လောက်ဝတ်ပြီးမှ လျှော်သင့်ပါတယ်။ ဒါပေမဲ့ နွေရာသီလို ပူအိုက်စက်တဲ့အခါမျိုး၊ တစ်နေကုန် ပြေးလွှားနေရလို့ ချွေးအရမ်းထွက်တဲ့ အခြေအနေတွေကိုတော့ တွက်ချက်စဉ်းစားဖို့ လိုပါလိမ့်မယ်။

အတွင်းဝတ်အင်္ကျီများ

ဘရာအင်္ကျီတွေကတော့ အတွင်းခံဘောင်းဘီတွေနဲ့မတူပါဘူး။ တစ်ခါဝတ်ပြီးတာနဲ့ ပြန်လေသလပ်ထားမယ်ဆိုရင် လေးကြိမ်အထိ ဝတ်နိုင်ပါတယ်။ ဒါပေမဲ့ အားကစားအတွင်းခံ အင်္ကျီတွေကတော့ ချွင်းချက်ပေါ့နော်။

ခြေစွပ်နဲ့ အသားကပ်များ

ဖုန်မှုန့်နဲ့ဘက်တီးရီးယားများက ခြေအိတ်တို့၊ အသားကပ် စတော့ကင်းတို့မှာ ကပ်ငြိနိုင်တာကြောင့် တစ်ကြိမ်ဝတ်ပြီးတာနဲ့ ပြန်မဝတ်တော့ဘဲ လျှော်ပေးရပါမယ်။

အားကစားဝတ်စုံများ

အားကစားပြုလုပ်တဲ့အခါ ချွေးထွက်မယ်၊ ပြီးရင် အလေးတုံးလို အားကစားပစ္စည်းတွေကိုလည်း လူတိုင်းက ကိုင်မကြတာဆိုတော့ ဘက်တီးရီးယားတွေ ကပ်ငြိနေတာပေါ့။ ဒါ့ကြောင့် အားကစားဝတ်စုံတွေကို တစ်ကြိမ်ဝတ်ပြီးတာနဲ့ မပျင်းမရိဘဲ ပြန်လျှော်ပြီးမှ ဝတ်ကြရမယ်နော်။

ညအိပ်ဝတ်စုံ

ညအိပ်ရာမဝင်ခင်မှာ ရေချိုးမယ်၊ ညအိပ်ဝတ်စုံကို သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းထားမယ်ဆိုရင်တော့ ၄ ကြိမ်နဲ့အထက်ဝတ်ပြီးမှ ပြန်လျှော်ပေးလို့ရပါတယ်။

ဖိနပ်များ

ရွံ့တွေပေပြီး ဖိနပ်လေးတွေက ညစ်ပတ်သွားမယ်ဆိုရင်တော့ ဖိနပ်လေးတွေကို ဆေးကြောသန့်စင်ပေးလိုက်ပါ။ ဖိနပ်မပျက်စီးသွားဖို့ကိုတော့ သတိထားသင့်တယ်နော်။

Source: Brightside.me