စိတ်ကျရောဂါဆိုတာ ယနေ့ခေတ်မှာ လူအများစုခံစားနေရတဲ့ ရောဂါတစ်ခုပါပဲ။ ကုသဖို့ရာအတွက် ဆေးဝါးများ ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ဆွေနွေးမှုကို ခံယူလို့ရပေမယ့် ကြိုတင်ကာကွယ်ခြင်းကတော့ အကောင်းဆုံးပါပဲ။

စောစောစီးစီးသိထားမယ်ဆို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် စိတ်ကျရောဂါခံစားနေရတဲ့ လက္ခဏာတစ်ချို့က ဘာတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အာရုံစူးစိုက်မှုနှင့် မှတ်ဥာဏ်ပိုင်းဆိုင်ရာ အားနည်းလာခြင်း

တစ်စုံတစ်ယောက်စကားပြောတဲ့အခါ၊ စာဖတ်တဲ့အခါတွေမှာ အာရုံစူးစိုက်မရတော့ခြင်း၊ လမ်းနာမည်၊ လူနာမည်စတာတွေကို ခါတိုင်းနဲ့မတူဘဲ အလွယ်တကူမေ့လျော့သွားတတ်နေပြီလား။

အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရခြင်း

ညဘက်အိပ်မပျော်တော့ခြင်း၊ ဒါမှမဟုတ် ပုံမှန်အိပ်ချိန်ထက် အချိန်ကြာကြာအိပ်ခြင်း၊ အချိန်ကြာကြာအိပ်ပေမယ့် တစ်ကိုယ်လုံးပင်ပန်းနွမ်းနယ်ကာ အားမရှိခြင်းတို့က စိတ်ကျရောဂါအစပျိုးခြင်းပဲဖြစ်ပါတယ်။

ကိုယ်အလေးချိန်အပြောင်းအလဲမြန်ခြင်း

ရုတ်တရက်ကိုယ်အလေးချိန်တက်ခြင်း၊ ကျခြင်း၊ ဘယ်လောက်စားစား ဗိုက်အမြဲဆာနေခြင်း၊ ဒါမှမဟုတ် အစား စားချင်စိတ်ကုန်ခမ်းနေခြင်းတို့ကို ခံစားနေရပြီဆို သတိထားသင့်ပါပြီ။

ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်မရွှင်မပျဖြစ်ခြင်း

အလုပ်တွေ ထပ်တိုးလုပ်ဆောင်ရခြင်းမရှိဘဲ မိမိနေ့စဉ်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာကို ပြုလုပ်နေပေမယ့် စွမ်းအင်ကုန်ခမ်းနေသလိုခံစားရခြင်း။ အိပ်ရာထထချင်း မလန်းဆန်းဘဲ ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားနေရပါသလား။

ဘဝကြီးက နေချင်စရာမကောင်းတော့ဘဲ အဓိပ္ပါယ်မဲ့နေသလို ခံစားရခြင်း

မိမိကိုယ်ကို အသုံးမကျတဲ့သူတစ်ယောက် ဆန်ကုန်မြေလေးကဲ့သို့ ထင်မြင်ယူဆလာပြီး မိမိကိုယ်ကိုသတ်သေချင်စိတ်ဖြစ်နေပြီဆိုရင် မိမိစိတ်ကိုနိုင်အောင်ပြန်ထိန်းဖို့ လိုအပ်နေပါပြီ။

ဘယ်အရာကမှ သင့်ကိုပျော်ရွှင်အောင် မပြုလုပ်ပေးနိုင်တော့ခြင်း

အရင်တုန်းက မိမိကြိုက်နှစ်သက်တဲ့ အားကစားပြုလုပ်ခြင်း၊ မိမိချစ်ခင်သူများနဲ့ အချိန်ကုန်ဆုံးရပေမယ့်လည်း မပျော်သလိုခံစားရခြင်းတွေက စိတ်ကျရောဂါ ခံစားရဖို့ အစပျိုးနေခြင်းပဲဖြစ်ပါတယ်။

စိတ်ခံစားချက်မတည်မငြိမ်ဖြစ်ခြင်း

ဝမ်းနည်းခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ပျက်အားငယ်ခြင်းတွေကို ခံစားနေရပေမယ့် ဘယ်အရာက မိမိကို အဲ့ဒီလိုခံစားနေရအောင် ပြုလုပ်နေသလဲဆိုတာကို မထောက်ပြနိုင်ဖြစ်နေပါသလား။

အထက်ပါလက္ခဏာတွေကို တစ်ပြိုင်နက်တည်းခံစားနေရပြီဆို ဆရာဝန်နဲ့ အချိန်ပေးပြီး တိုင်ပင်ဆွေးနွေးကာ ဆေးဝါးကုသမှုခံယူသင့်ပါတယ်။

မိမိတစ်ယောက်တည်း အထီးကျန်ဝမ်းနည်းစွာ မနေဘဲ သူငယ်ချင်းများထံမှလည်း အကူအညီရယူနိုင်ပါတယ်။ ဒါ့အပြင် စိတ်ရောဂါဝေဒနာခံစားနေရသူအချင်းချင်း ကူညီဖေးမပေးခြင်းကလည်း ကုသနည်းတစ်ခုပဲဖြစ်ပါတယ်။

Source: Brightside.me