မကြာသေးခင်ကမှ The Foreigner ရုပ်ရှင်ဇာတ်ကားထွက်ရှိထားတဲ့ ဂျက်ကီချမ်းဆိုတာ မြန်မာပရိသတ်တွေအခိုင်အမာရထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

တစ်သက်တာ အော်စကာဆုကို ရရှိထားခဲ့ပြီး အော်စကာဆုရတဲ့ ပထမဆုံး တရုတ်နိုင်ငံသားဖြစ်လာခဲ့တဲ့ ဂျက်ကီချမ်း ဘာကြောင့်အောင်မြင်သလဲဆိုတာကို ကြည့်ရအောင်ပါ။

၁။ အောက်ခြေကနေ တက်လာသူတစ်ဦးဖြစ်တယ်

ဂျက်ကီချမ်း အခုလို အောင်မြင်မှုရဖို့ ကိုယ့်ဒူးကိုချွန်ကြိုးစားခဲ့တာပါ။ ငယ်ငယ်က အော်ပရာကျောင်းတက်ခဲ့ရင်း အသက် ၇ နှစ်အရွယ်မှာ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ အော်ပရာဆိုတာကလည်း အဆိုရော၊ ပြဇာတ်ရော၊ သိုင်းအမျိုးမျိုးပါ သင်ရတဲ့ကျောင်းပါ။ ကလေးသရုပ်ဆာင်ကနေ အရံလူကြမ်းသရုပ်ဆောင်ဖြစ်လာခဲ့ပြီးနောက် တဖြည်းဖြည်းအနုပညာလောကထဲဝင်ရောက်ကာ နောက်ပိုင်းမှာ အောင်မြင်မှုရခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာတော့ ဂျက်ကီချမ်းရဲ့ အနုပညာသက်တမ်း ၅၇ နှစ်ရှိပါပြီ။

၂။ ဘဝမမေ့ဘူး

ဂျက်ကီချမ်းရဲ့ အင်တာဗျူးတွေကြည့်တဲ့သူဆိုရင် သိပါလိမ့်မယ်။ ဂျက်ကီချမ်းကို လူကြမ်းဘဝအကြောင်း မေးလိုက်ရင်လည်း အားတက်သရော ဘယ်လိုကြိုးစားခဲ့တဲ့အကြောင်း ဖြေတတ်လေ့ရှိပါတယ်။ ဘရုစ်လီရဲ့ ဇာတ်ကားမှာလည်း လူကြမ်းအဖြစ်သရုပ်ဆောင်ခဲ့ပုံတွေကို ပြောပြလေ့ရှိပါတယ်။ အောက်ခြေကနေ လေ့လာခဲ့ရတဲ့အကြောင်းတွေကိုလည်း ပြန်ပြောရမှာ ဘယ်တော့မှ မရှက်တဲ့သူပါ။

၃။ အကောင်းဆုံးကြိုးစားလိုစိတ်ရှိပြီး ကြိုးစားတဲ့သူလည်းဖြစ်တယ်

ကလေးသရုပ်ဆောင်၊ လူကြမ်းသရုပ်ဆောင်ဘဝကတည်းက သူဟာ အကောင်းဆုံးကိုကြိုးစားခဲ့သူဖြစ်ပါတယ်။ ပေးတဲ့တာဝန်ကို အကောင်းဆုံးလုပ်ဆောင်တတ်တာကြောင့် ဘရုစ်လီရဲ့ ဇာတ်ကားမှာ လူကြမ်းလုပ်ပေးရင် အချိန်ပို အမြဲဆင်းရတာပါ။ ဒ့ါကြောင့် တခြားလူကြမ်းတွေထက် ဝင်ငွေပိုရတယ်လို့ ဂျက်ကီချမ်းကဆိုပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ဟာ ဘယ်လောက်ပင်သေးငယ်ပါစေ အကောင်းဆုံးကြိုးစားရင် တစ်နေ့ရလဒ်ကောင်းရမယ်လို့ လက်ခံယုံကြည်ထားသူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားရိုက်ကူးဖို့ အရိုးပေါင်းများစွာ အကျိုးခံရိုက်ကူးခဲ့သူဖြစ်ပါတယ်။

၎။ နှိမ့်ချတယ်

ဂျက်ကီချမ်းဟာ အမြဲတမ်း လူကြီးလူကောင်းဆန်ပြီး လူတိုင်းကို လေးလေးစားစား ဆက်ဆံတတ်သူဖြစ်ပါတယ်။ အမြဲတမ်းနှိမ့်ချတတ်ပြီး မော်ကြွားတတ်သူတစ်ဦးလည်းမဟုတ်ပါဘူး။ သူ့ကိုယ်သူ ဘယ်တော့မှ မြောက်ပင့်ပြောဆိုလေ့မရှိဘဲ သူဟာလည်း တခြားသူတွေကို သာမန်လူတစ်ဦးဖြစ်တယ်လို့ ခံယူထားသူပါ။ ပရိသတ်တွေအပေါ်မှာလည်း လေးလေးစားစား ဆက်ဆံတတ်သူတစ်ဦးဖြစ်ပြီး ဘယ်နေရာသွားသွား ပရိသတ်အချစ်ခံရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

၅။ ကိုယ်ပိုင်ဟန်ရှိတယ်

ဂျက်ကီချမ်းလို့ဆိုလိုက်ရင် ဟာသ-အက်ရှင်လို့ တွဲပြီးမြင်ကြသလိုသူဟာ အက်ရှင်ကားကို သူရဲကောင်းဆန်ဆန် ရိုက်ကူးတာမျိုးမဟုတ်ဘဲ တခြားသာမန်လူတစ်ယောက်လိုပဲ ရိုက်ကူးထားတာပါ။ တခြားဖိုက်တင်မင်းသားတွေလိုမဟုတ်ဘဲ သာမန်လူတစ်ယောက်လို သူ့ကိုထိုးလိုက်ရင် နာတတ်ပြီး အများနဲ့တစ်ယောက်ဆိုရင် ပတ်ပြေးတတ်တဲ့ကာရိုက်တာမျိုး ရိုက်ကူးလေ့ရှိသူဖြစ်ပါတယ်။

၆။ အပြောင်းအလဲလုပ်လိုတဲ့သူဖြစ်တယ်

ဂျက်ကီချမ်းဟာ တရုတ်နိုင်ငံမှာတင်မက၊ အာရှ အပါအဝင် နိုင်ငံတကာမှာပါ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။တရုတ်ပေါကားတွေကို မရိုက်ချင်တော့ဘဲ တကယ့်အဆင့်အတန်းရှိတဲ့ ရုပ်ရှင်ကားတွေကို နိုင်ငံတကာထိ ထိုးဖောက်ထုတ်လုပ်ချင်တာကြောင့် အမေရိကားထိ ခြေဆန့်ခဲ့တာပါ။ အမေရိကန်မှာ ၂ နှစ်လောက် အင်္ဂလိပ်စကားပြောကို သင်ယူခဲ့သူဖြစ်ပါတယ်။ အခုလည်း အသက်အရွယ်ရလာပြီဆိုတော့ သူ့အနေနဲ့ အရမ်းစွန့်စားရတဲ့အက်ရှင်ကားတွေမျိုးမဟုတ်ဘဲ သူ့ရဲ့ သရုပ်ဆောင်နိုင်မှုကို ပြသနိုင်တဲ့ ရုပ်ရှင်ကားမျိုးရိုက်ကူးချင်တယ်လို့ဆိုပါတယ်။ တခါတလေ စနောက်ရင်း La La Land တို့လို သီချင်းဆိုရတဲ့ ရုပ်ရှင်ကားမျိုးရိုက်ကူးချင်တယ်လို့ ဆိုပါတယ်။ ဂျက်ကီချမ်းဟာ အနုပညာသာမက တခြားစီးပွားရေးတွေလည်း လုပ်ကိုင်နေတဲ့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။

၇။ လုပ်ဖော်ကိုင်ဖက်တွေ၊ ပြည်သူတွေကို ပြန်ကြည့်တဲ့မင်းသားဖြစ်တယ်

ဂျက်ကီချမ်းဟာ သူ့လုပ်ဖော်ကိုင်ဖက်တွေကို အမြဲတန်ဖိုးထားသူဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကိုလည်း အများကြီးလုပ်ကိုင်လျက်ရှိနေပါတယ်။ သိုင်ပညာလေ့လာချင်တဲ့ လူငယ်တွေအတွက်  အခမဲ့တက်ရောက်နိုင်တဲ့ အကြီးဆုံး သိုင်းလေ့ကျင့်ရေးသင်တန်းကျောင်းကြီးကို တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားပါတယ်။

ဂျက်ကီချမ်းအကြောင်း ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။ အခုလိုအောင်မြင်မှုရဖို့ဟာလည်း သူ့ဘဝတလျှောက်လုံးအတွက် အလွယ်တကူရရှိခဲ့တာမဟုတ်ပါဘူး။ ဂျက်ကီချမ်းရဲ့ လက်သုံးစကားကတော့ ဘယ်နေရာမှာပဲရှိနေနေ၊ ဘာအလုပ်ကိုပဲလုပ်နေနေ အကောင်းဆုံးကြိုးစားရင် တစ်နေ့ ရလဒ်ကောင်းတွေရမယ်ဆိုတာပါပဲ။