ပိုက်ဆံဆိုတာ ဘယ်လို ရှာရမလဲ သိရုံနဲ့တင် မလုံလောက်ပါဘူး။ ဘယ်နေရာမှာ သုံးရမယ်။ ဘယ်အပိုင်းအတွက် စုဆောင်းသင့်ပြီး ဘယ်လိုလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံရမလဲဆိုတာပါ သိထားသင့်တဲ့အမျိုးဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ကြိုးစားပမ်းစား ရှာထားဖွေထားတဲ့ ငွေသုံးမယ်ဆိုရင် နှစ်ခါစဉ်းစားရပါတယ်။ ဒီပစ္စည်းလေးတွေ ဝယ်မယ်ဆိုရင်တော့ ပိုက်ဆံထက် အရည်အသွေးဘက်ကို ပိုထည့်စဉ်းစားရမှာပါ။

(၁) အမျိုးသား Underwear

Photo: effortlessgent

Underwear တွေ ဝယ်မယ်ဆိုရင် အမျိုးသား အတော်များများက ဈေးအနည်းဆုံးဖြစ်တာ ရွေးဝယ်ချင်ကြပါတယ်။ အကြောင်းက ဘယ်သူမှ ကိုယ့်အတွင်းခံ ဘယ်လောက်တန်သလဲ ကြည့်နိုင်မှာ မဟုတ်လို့ဖြစ်ပါတယ်။ တစ်ခုရှိတာက အတွင်းခံတွေဟာ ကိုယ့်ရဲ့ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကာကွယ်ပေးရတဲ့တာဝန်ကို ထမ်းဆောင်နေရတာပါ။ ဒါကြောင့် ချည်သားကောင်းကောင်း နဲ့ သက်တောင့်သက်သာ ရှိတဲ့ အမျိုးအစားကို သေချာရွေးပေးဖို့ လိုပါတယ်။ သိတဲ့အတိုင်းပါပဲ။ ပစ္စည်းကောင်းတွေက ဈေးပိုပေးရစမြဲပါ။ ဒီနေရာမှာတော့ နှမျောတာက နှစ်ခါကုန်နိုင်ပါတယ်။

(၂) ပိုက်ဆံအိတ်

Photo: effortlessgent

ပိုက်ဆံအိတ်ကလည်း အရည်အသွေးကောင်းကောင်းနဲ့ သားသားနားနားဖြစ်ဖို့လိုပါတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်ရှာထားတဲ့ငွေကို ဘယ်လိုနေရာမျိုးမှာ ထားသင့်သလဲဆိုတဲ့အချက်နဲ့ စဉ်းစားကြည့်ဖို့ပါ။ ပိုက်ဆံအိတ်ဆိုတာ နေရာတကာမှာ ပါတဲ့ အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ နောက်ပြီး အမြဲတမ်း တစ်ခုထက် ပိုမထားဖြစ်တဲ့ ပစ္စည်း ဖြစ်လို့ပါ။ နောက်တစ်ဖက်က ကြည့်မယ်ဆိုရင် အမြဲတမ်းလည်း သုံးနေရတဲ့အပြင် အများရှေ့ပြရတဲ့ Show Products စာရင်းဝင် ထုတ်ကုန်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပစ္စည်းကောင်းလေး ဝယ်ထားရတော့ ကြာကြာလည်း အသုံးခံသလို သုံးတိုင်းလည်း စိတ်ချမ်းသာနေမှာပါ။

(၃) ခါးပတ်

Photo: effortlessgent

ပုံမှန်အားဖြင့်တော့ လူတစ်ယောက်မှာ ခါးပတ် တစ်ရံနှစ်ရံလောက် ရှိရင်ကို အဆင်ပြေပါပြီ။ ခါးပတ်ဝယ်မယ်ဆိုရင်လည်း အမျိုးအစား ညံ့တဲ့ပစ္စည်းဝယ်မိရင် ကြာကြာမခံပါဘူး။ ပျက်စီးသွားနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ကိုယ်လည်း စိတ်ကျေနပ်မှု ရှိမှာ မဟုတ်ပါဘူး။ Full Grain Leather အမျိုးအစား ခါးပတ်တွေက ရေရှည်အတွက် ကောင်းသလို သုံးလိုက်တိုင်းလည်း စိတ်တိုင်းကျနေမှာ ဖြစ်ပါတယ်။

(၄) အိတ်

Photo: effortlessgent

နေ့စဉ်သုံးတဲ့ အလုပ်လွယ်အိတ်တို့ ရုံးလွယ်အိတ်တို့ဆိုတာ အကြမ်းခံဖို့ရော ဒီဇိုင်းနဲ့ အမျိုးအစားကောင်းဖို့ပါ လိုပါတယ်။ အလုပ်သွားအလုပ်ပြန် အမြဲလွယ်ရမှာ ဖြစ်လို့ Laptops ထည့်စရာနေရာလည်း ပါရမှာ ဖြစ်သလို စာရွက်စာတမ်းတွေ ၊ ဘောပင်နဲ့ တခြားတိုလီမိုလီပစ္စည်းလေးတွေ ထည့်ဖို့အတွက်လည်း အဆင်ပြေရမှာပါ။ ကိုယ်ကြိုက်တဲ့ စတိုင်ပေါ်လိုက်ပြီး အမျိုးအစားအနေနဲ့ အကြမ်းခံ လယ်သာသား ၊ Canvas ဖျင်သား ဒါမှမဟုတ်ရင်လည်း နှစ်မျိုးစပ်အထည်တွေ ရွေးချယ်နိုင်ပါတယ်။