သင့်ကိုယ်သင်ချစ်ပါဆိုတဲ့စကားကို လိုက်နာရတာလွယ်သယောင်ယောင်ပါပဲ။ ဒါပေမဲ့ လက်တွေ့ကျင့်ကြံတဲ့အခါ ခက်ခဲလွန်းပါတယ်။ ကျွန်မတို့ချစ်ခင်တဲ့သူတွေအပေါ်ကောင်းသလောက် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ကျမေ့နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ဖို့က အရေးကြီးဆုံးအရာပါ။

ဘဝမှာ ပျော်ရွှင်ဖို့ အဓိကသော့ချက်ကလည်း ကိုယ့်ကိုကိုယ်ချစ်တာပါပဲ။ သင့်ကိုယ်သင် မယုံကြည်သရွေ့ကတော့ ဘဝရဲ့ အတွေ့အကြုံသစ်တွေကို အပြည့်အဝခံစားနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ ပိုတော်တဲ့သင်ဖြစ်လာဖို့ လေ့ကျင့်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ တောင်းပန်ပါတယ်ဆိုတဲ့စကားကို မပြောပါနဲ့တော့

သင်လုပ်သမျှအရာတိုင်းအတွက် တောင်းပန်နေရလား။ တစ်ခါတလေ ကျွန်မတို့က အားနာစရာမလိုတာကိုလည်း အားနာနေတတ်ပါတယ်။ ဒီအပြုအမူတွေကို အမြဲလုပ်နေရင်တော့ သင့်ပုံရိပ်ကို ကျဆင်းစေနိုင်ပါတယ်။ တောင်းပန်တယ်လို့ ပြောမယ့်အစား ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားနဲ့အစားထိုးပါ။ ကျေးဇူးတရားက တောင်းပန်ပါတယ်ဆိုတဲ့စကားထက် ပိုကောင်းပါတယ်။

၂။ ကောင်းတဲ့အရာတွေနဲ့ နေ့တစ်နေ့ကို ဝန်းရံပါ

သင်က တိုးတက်အောင်မြင်သူဖြစ်ချင်ရင် သင့်ဘဝကို သုံးသပ်ဖို့လိုအပ်ပါတယ်။ အောင်မြင်ဖို့အတွက် အကောင်းမြင်စိတ်ကနေ စတင်ရပါမယ်။ ကိုယ့်ရဲ့ အပေါင်းအသင်းတွေကိုလည်း အကောင်းမြင်တတ်သူတွေနဲ့ဝန်းရံထားရပါမယ်။ အဆိုးမြင်တတ်သူတွေ အနားမှာ များနေရင်တော့ တိုးတက်ဖို့ ခဲယဉ်းပါလိမ့်မယ်။

၃။ ကိုယ့်ကိုကိုယ်မြတ်နိုးပါ

ကျွန်မတို့ဟာ အချိန်အများစုကို လိုင်းပေါ်မှာပဲ အချိန်ကုန်တတ်ပါတယ်။ သူများတွေဘာတွေလုပ်နေလဲ Facebook ပေါ်ကနေ လိုက်ကြည့်နေတတ်ပါတယ်။ အဝေးက လူတွေကို အားကျပြီး လိုက်ကြည့်နေမယ့်အစား ကိုယ့်ရဲ့ အလှဆုံးပုံစံကို ကြည့်ပါဦး။ နေ့တိုင်းမှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုကိုယ် သဘောကျတဲ့အချက်တစ်ချက်ကို ပြောပါ။ သင့်ကိုယ်သင်မြတ်နိုးပါ။ တန်ဖိုးထားပါ။

၎။ ကိုယ့်ကိုကိုယ်အပြစ်ရှာတာတွေ တော်လိုက်ပါတော့

မှန်ရှေ့မှာမြင်ရတဲ့သင့်ကိုယ်သင် ဘယ်လောက်ထိ ဖိနှိပ်ပြောဆိုပြီး နေထိုင်ခဲ့ပြီလဲ။ ငါဝလိုက်တာ၊ ငါ့နှာခေါင်းက ရုပ်ဆိုးလိုက်တာ ဒီလိုတွေ ဘယ်နှစ်ခါပြောမိနေပြီလဲ။ သင့်ရဲ့အားနည်းချက်တွေကပဲ သင်ဆိုတဲ့ လူတစ်ယောက်ဖြစ်လာစေတာပါ။ သင့်ရဲ့ အားနည်းချက်တွေကို အဆိုးမမြင်ဘဲ အကောင်းဘက် ပြောင်းတွေးကြည့်ပါ။ ဝလာတယ်မပြောဘဲ ကိတ်တယ်ပြောတာမျိုးပေါ့။ လောကမှာ လူအမျိုးမျိုး ပုံစံအမျိုးမျိုးရှိပါတယ်။ ကိုယ့်ကိုကိုယ် ဝေဖန်ပြီး ဘာလို့ အပင်ပန်းခံနေမလဲ။

၅။ အခိုင်အမာပြောဆိုပါ

သင့်ကိုယ်သင် တွေးတဲ့အရာကို ထိန်းချုပ်ဖို့ခက်ပါတယ်။ ကိုယ့်ရဲ့ ကောင်းကျိုးကို အခိုင်အမာပြောဆိုတတ်အောင် လေ့ကျင့်ပါ။ သင်ပြောတဲ့အရာက သင်ဖြစ်လာမယ့်အရာပါ။ ဒီတော့စကားပြောတဲ့နေရာမှာလည်း သတိထားပြောသင့်ပါတယ်။

၆။ ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ခန်းလုပ်ပါ

သင်မကြိုက်တဲ့အားကစားနည်းတစ်ခုကို အကြာကြီးလုပ်နိုင်မှာမဟုတ်ပါဘူး။ ပြေးစက်မှာ ပြေးရတာကို မကြိုက်တဲ့သူရှိသလို Zumba class ကိုမကြိုက်တဲ့သူလည်းရှိမှာပါ။ ဒီတော့လေ့ကျင့်ခန်းလုပ်တဲ့အချိန် ကိုယ်အားသန်ရာကို ရွေးချယ်ပြီး ရည်ရွယ်ချက်ရှိရှိလေ့ကျင့်ခန်းလုပ်ရပါမယ်။

Source: Herbeauty.co

By MyStyle Myanmar