မျက်ဝန်းလေးကို ကြည့်လိုက်တာနဲ့ မျက်တောင်မွှေးလေး ထူထဲရှည်လျားနေတာမျိုး မဖြစ်ချင်ကြဘူးလားရှင့်။ သူများတွေ မျက်တောင်မွှေးလေး ထူထဲလှပနေတာမြင်တော့ ကိုယ့်ဆီမှာလည်း အဲ့လို ထူထဲရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေရှိရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်တတ်ကြတဲ့ ပျိုပျိုမေတို့ရဲ့ စိတ်ကူးအိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့အချိန် ကျရောက်လို့လာပါပြီနော်။

ဘယ်လိုနည်းလမ်းလေးတွေနဲ့ အကောင်အထည်ဖော်လို့ရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အုန်းဆီ

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဝါဂွမ်းစလေးတို့ပဲ လိုအပ်ပါတယ်။ အရင်ဦးဆုံး မျက်တောင်မွှေးကို သန့်စင်အောင် ဆေးကြောထားပါ။ ဝါဂွမ်းစလေးကို အုန်းဆီထဲထည့်နှစ်လိုက်ပြီး အပေါ်မျက်တောင်မွှေးနဲ့ အောက်မျက်တောင်မွှေးလေးတွေကို သုတ်လိမ်းပေးလိုက်ပါ။ မျက်လုံးထဲ အုန်းဆီမဝင်ဖို့ကိုတော့ သေချာဂရုစိုက်ပေးရပါမယ်။ တစ်ညသိပ်ထားပြီး မနက်ရောက်မှ မျက်နှစ်သစ်လိုက်ပါ။ ဒီနည်းလမ်းကို ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရပါမယ်။

ကြက်ဥ

ကြက်ဥ ၁ လုံးနှင့် ဂလစ်စရင်းအလှဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ထိုအရောအနှောကို မျက်တောင်မွှေးတွေပေါ် သုတ်လိမ်းပေးလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်ခန့် မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် မျက်တောင်မွှေးကျွတ်ခြင်းတို့ကို ရပ်တန့်စေပြီး မျက်တောင်မွှေးတွေ ထူထဲလာပါလိမ့်မယ်။

ဗီတာမင်အီး ဆေးတောင့်

ဗီတာမင်အီးဆေးတောင့်ကို နေ့စဉ်မှန်မှန်မှီဝဲခြင်းက မျက်တောင်မွှေးအတွက်တင်မကဘဲ ဆံကေသာကျန်းမာလှပဖို့အတွက်ပါ အလွန်အသုံးတည့်ပါတယ်။

သံပုရိုခွံ

သံပုရိုသီး တစ်လုံး (သို့) နှစ်လုံးကို အခွံခွာပြီး ဖန်ပုလင်းသေးသေးလေးထဲ ထည့်ထားလိုက်ပါ။ ထိုဖန်ပုလင်းထဲသို့ အုန်းဆီ (သို့) သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီးနောက် ဇွန်းတစ်ချောင်းအသုံးပြုပြီး သံပုရိုခွံလေးများကို ဖိချလိုက်ပါ။ တစ်ညလောက် စိမ်ထားလိုက်ပါ။

နောက်တစ်နေ့မနက်မှာတော့ ဝါဂွမ်းအသုံးပြုပြီး စိမ်ထားတဲ့အရည်များနဲ့ မျက်တောင်မွှေးလေးတွေကို သုတ်လိမ်းပေးလိုက်ပါ (မျက်လုံးထဲ မဝင်အောင် သေချာဂရုစိုက်ပါ)။ နှစ်နာရီလောက်ကြာမှ မျက်နှာသစ်လိုက်ပါ။ အိပ်ခါနီးလုပ်ချင်တယ်ဆိုရင်တော့ တစ်ညလုံးသိပ်ထားပြီး မနက်မှ မျက်နှာသစ်လိုက်လည်း ရပါတယ်။

Vaseline အလှဆီ

ဝါဂွမ်းစလေးတွေကို Vaseline အလှဆီဖြင့် သုတ်လိမ်းပြီးနောက် မျက်တောင်မွှေးများနဲ့ အပေါ်မျက်ခွံ၊ အောက်မျက်ခွံတို့ကို သုတ်လိမ်းပေးလိုက်ပါ။ တစ်ညခန့် သိပ်ထားပြီး မနက်ရောက်မှ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကို အိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးမယ်ဆိုရင် မျက်တောင်မွှေးကျွတ်တဲ့ အဖြစ်မျိုးနဲ့ ကင်းဝေးပြီး မျက်တောင်မွှေးတွေ ရှည်လျားထူထဲလာပါလိမ့်မယ်။