ဧပြီလလယ်ကို ရောက်နေပြီ ဆိုပေမယ့် ရှေ့ ဆက်ပြီး နွေရဲ့ အပူဟာ လအနည်းငယ် လောက်အထိ ဆက်လက်ပြီးပူနေဦးမှာဖြစ်တာမို့ နွေနေပူကြောင့် အလှအပချစ်သူပျိုမေတို့ အလှမပျက်ရလေအောင် ပျိုမေတို့ရဲ့ အိတ်ထဲမှာ မရှိမဖြစ်သယ်သွားသင့်တဲ့ ပစ္စည်းအချို့ ကို ပြောပြပေးမှာဖြစ်ပါတယ်။

 

၁။ Sunglasses

နေကာမျက်မှန်ဟာ ပူပြင်းတဲ့နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်တာမို့ အလှအပအတွက်သာမက လူတယောက်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ မျက်စိကျန်းမာရေးအတွက်ပါ ကာကွယ်ပေးနိုင်တဲ့ အရေးကြီးဆုံး ပစ္စည်းဖြစ်ပါတယ်။ အပြင်ထွက်တဲ့ အမျိုးအစားကောင်းတဲ့ နေကာမျက်မှန်တလက်လောက်တော့ အိတ်ထဲမှာအမြဲတမ်းထည့်သွားသင့်ပါတယ်။

 

၂။ Sun Block/Sunscreen

နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအရေကို အရမ်းကို ပျက်စီးစေတာမို့ SPF များများပါဝင်တဲ့ နေရောင်ကာခရင်မ်တွေကတော့ နွေရာသီမှာ မရှိမဖြစ်ပါပဲ။ အပြင်မှာတနေကုန်နေရတဲ့သူဆိုရင် ၂နာရီခြားတခါ လိမ်းပေးသင့်ပါတယ်။

 

၃။ Cap/Hat (or) Umbrella

ဦးခေါင်းကိုလည်း နေပူပူက ကာကွယ်ဖို့ လိုအပ်တာမို့ ဦးထုတ်ဆောင်းရတာ ကြိုက်တဲ့သူဆိုရင်တော့ လျှာထိုးပါတဲ့ Cap ဦးထုတ်လေးတလုံးဖြစ်ဖြစ်၊ မိန်းကလေးဆန်ဆန် ဦးထုတ်လှလှလေးတလုံးပဲဖြစ်ဖြစ် အပြင်ထွက်တဲ့အခါ ဆောင်းသွားသင့်ပါတယ်။ ဦးထုတ်မကြိုက်တဲ့သူဆိုရင်တော့ ထီး တချောင်းကို မရှိမဖြစ်ဆောင်သွားပါ။

 

 

၎။ Face Mist Spray

မျက်နှာကို ဖြန်းရတဲ့ Spray ဘူးလေးတွေက သယ်ဆောင်သွားရတာလွယ်ကူပြီး အကျိုးလည်းများလှတာမို့ သူလည်းမရှိမဖြစ်ပါပဲ။ လန်းဆန်းမှုနဲ့ အေးမြမှုကို ပေးစွမ်းတဲ့ Face Mist Spray လေး တဘူးဟာလည်း ပျိုမေတို့အတွက် လိုအပ်ပါတယ်။

 

၅။ Wet Tissue  ချွေးထွက်တဲ့အခါမှာဖြစ်ဖြစ် အေးအေးလေးနေချင်လာရင်ပဲဖြစ်ဖြစ် Wet Tissue လေးနဲ့ မျက်နှာ၊ ခြေ၊ လက်စတာတွေကို သုတ်လိုက်ရင် အေးမြမှုကို ခံစားရမှာမို့ ဒါကလည်း လိုအပ်ပါတယ်။

 

၆။ Hair Tie 

တနေကုန်ရုံးတက်နေရတဲ့ ဆံပင်ရှည်ရှည်ပျိုမေလေးတို့အတွက် အိတ်ထဲမှာ ခေါင်းစည်းကြိုးကွင်းလေးတကွင်းကတော့ အမြဲထည့်ထားသင့်ပါတယ်။ ရာသီဥတုက ပူပူ၊ အလုပ်တွေက ရှုပ်ရှုပ်ကြားမှာ ဆံပင်တွေကို ဖျားလျားချထားခြင်းက စိတ်ကိုပိုပြီး ရှုပ်ထွေးစေတာမို့ ခေါင်းစည်းကြိုးကွင်းလေးတွေတော့ ဆောင်ထားကြပါ။

 

၇။ Water Bottle

ရေဘူးကတော့ နေရာတိုင်းမှာ အလွယ်တကူဝယ်သောက်လို့ ရနေပေမယ့် ရေဘူးခပ်သေးသေးတဘူး ဆောင်ထားခြင်းက အကျိုးမယုတ်ပါဘူး။ ရေသောက်တဲ့ အခါ အေးစက်နေတဲ့ ရေခဲရေတွေကို ရှောင်ပြီး ရိုးရိုးရေကိုသာ များများသောက်ကြဖို့ အကြုံပြုချင်ပါတယ်။ ချွေးထွက်များတတ်တဲ့သူဆိုရင်တော့ သီးစုံ ဓာတ်ဆားရည်လေးဖျော်ထည့်ထားပြီး ခဏခဏ ထုတ်သောက်ပေးတာက ဆုံးရှုံးသွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးနိုင်ပါတယ်။

 

၈။ Fan ပန်ကာ မရှိတဲ့နေရာမျိုးတွေမှာ ပူလောင်အိုက်စက်မှုကို သက်သာစေနိုင်ဖို့ ယပ်တောင်လှလှလေးတချောင်းကိုပါ ပျိုမေတို့အိတ်ထဲ ဝယ်ထည့်ထားလိုက်ပါ။ အမှားမရှိနိုင်ပါဘူး။

ဒါတွေကတော့ လွယ်လွယ်ကူကူလည်းဝယ်လို့ရပြီး အိတ်ထဲကိုပေါ့ပေါ့ပါးပါးထည့်ပြီး ဆောင်သွားနိုင်တဲ့ နွေရာသီအတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေဖြစ်ပါတယ်။ ပူပြင်းလွန်းတဲ့နွေရာသီမှာ ရေများများသောက်ပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။