ဖက်ရှင်လောကမှာ အရောင်တွေဟာ အင်မတန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဖက်ရှင်ကျကျ ဝတ်စားချင်တဲ့သူတို့အတွက် မိမိရဲ့ အဝတ်ဘီဒိုထဲမှာ ဘယ်လို အဝတ်အစားအရောင်တွေ ထည့်ထားရမလဲဆိုတာ သိပြီးပါပြီလား။

အဝတ်ဘီဒိုထဲမှာ အခုဖော်ပြမယ့် အဝတ်အစားအရောင်များ ဘယ်နှစ်ရောင် ရှိထားပြီးလဲဆိုတာကို လေ့လာကြည့်လိုက်ပါ။ အခုဖော်ပြပေးမယ့် အရောင် (၇) ရောင်စလုံး ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဖက်ရှင်ကျတဲ့သူတစ်ယောက်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်ပါပြီ။

ပန်းဖျော့ရောင်

ပန်းရောင်ဆိုတဲ့ နေရာမှာလည်း ပန်းရောင်ဆန်ဆန်မျိုးမဟုတ်ဘဲ ပန်းဖျော့ရောင်လေးက အသားအရောင်မရွေး ဝတ်ဆင်နိုင်ပါတယ်။

ပန်းဖျော့ရောင်ကို အင်္ကျီအနေနဲ့ပဲ ဝတ်ဆင်ချင်သလား။ ဒါမှမဟုတ် ဘောင်းဘီအနေနဲ့ပဲ ဝတ်ဆင်ချင်သလား စိတ်ကြိုက်ဝတ်ဆင်နိုင်ပါတယ်။

အစိမ်းရင့်ရောင်

အဝတ်ဘီဒိုထဲမှာ အနက်ရောင်တွေပဲ ကြီးစိုးနေတယ်ဆိုရင်တော့ အခုချိန်မှာ အရောင်ပြောင်းဖို့ အချိန်တန်ပါပြီ။ အနက်ရောင်အစား အစိမ်းရင့်ရောင်ကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။ အစိမ်းရင့်ရောင်သည်လည်း ယခုနှစ်ထဲမှာ ခေတ်စားနေတဲ့ အရောင်တစ်မျိုးပဲ ဖြစ်ပါတယ်။

အဝါရောင်

အရောင်တောက်တောက်ကြီးတွေ ဝတ်ဆင်ရမှာ ကြောက်နေပါသလား။ ဒီအဝါရောင်လေး စမ်းဝတ်ကြည့်လိုက်ပါ။ အဝါရောင်ကတော့ ပျော်ရွှင်မှု၊ နွေးထွေးမှုကို ဖော်ဆောင်တဲ့အရောင်တစ်ခုပါ။ အဝါရောင်နဲ့ အညိုရောင်တို့ ရောစပ်ထားတဲ့ အဝါရောင်မှိုင်းမှိုင်းကိုလည်း ဝတ်ဆင်နိုင်သလို အဝါရောင်တောက်တောက်များသည်လည်း ဖက်ရှင်ချစ်သူများအကြား ရေပန်းစားနေတဲ့အရာတစ်ခုဖြစ်ပါတယ်။

အနီရောင်

အနီကတော့ ရဲရင့်ခြင်းကို ဖော်ဆောင်ပေးတဲ့ အရောင်တစ်ခုဖြစ်ပါတယ်။

ခရမ်းဖျော့ရောင်

ခရမ်းဖျော့ရောင်လေးသည်လည်း လက်တလောမှာ လူကြိုက်များနေတဲ့အရောင်ဖြစ်တဲ့အတွက်ကြောင့် အဝတ်ဘီဒိုထဲမှာ ဒီအရောင်ကိုလည်း ထည့်ထားသင့်ပါတယ်။

ခရမ်းဖျော့ရောင် ကြိုက်နှစ်သက်သူများသည် အများနှင့်မတူ စိတ်ကူးယဉ်ဆန်သောသူတွေဖြစ်ကြပြီး လူ့ပတ်ဝန်ကျင်းနှင့် သဟဇာတမဖြစ်မှာကိုလည်း မကြောက်ရွံ့တတ်ကြသူတွေ ဖြစ်ပါတယ်။

ခရမ်းဖျော့ရောင်သည် ရိုမန့်တစ်ဆန်ခြင်း၊ ဉာဏ်အမျှော်မြင် ကြီးမားခြင်း၊ ရဲစွမ်းသတ္တိရှိခြင်းနှင့် စိတ်ဝိညာဉ် အားကောင်းခြင်းတို့ကို ကိုယ်စားပြုပါတယ်။

ခရမ်းဖျော့ရောင်နှင့် လိုက်ဖက်တဲ့အရောင်တွေကတော့ မီးခိုးရောင်၊ အနက်ရောင်၊ အသားရောင်၊ ချောကလက်ရောင်တို့ပဲဖြစ်ပါတယ်။ ခရမ်းဖျော့ရောင်ကို ဖက်ရှင်ကျကျ ဝတ်စားချင်တယ်ဆိုရင်တော့ ထိုအရောင်များနှင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

လိမ္မော်ရောင်

ဒီအရောင်လေးကို နှစ်သက်တယ်ဆိုရင်တော့ သေချာပါတယ်။ အကောင်းမြင်စိတ်ရှိသူများပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရက်ရောသူ၊ စိတ်အားထက်သန်သူ၊ ရဲရင့်တည်ကြည်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ဘေးပတ်ဝန်ကျင်ရှိသူများကိုလည်း သူ့ရဲ့ စွမ်းအင်များ ကူးစက်အောင် ပြုလုပ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

အပြာရောင်

အပြာရောင်ကတော့ အများစု ကြိုက်နှစ်သက်ကြတဲ့ အရောင်ဖြစ်ပါတယ်။ အပြာရောင်ကိုမှ အရောင်တောက်တောက်လေးကို ရွေးချယ်ကာ မိမိရဲ့ ဖက်ရှင်စတိုင်လ်ကို ဆွဲဆောင်မှုပိုတိုးလာအောင် ဖန်တီးယူလိုက်ပါ။