ကိုရီးယားဒရမ်မာတွေဟာ သူတို့တွေရဲ့ အချစ်ဇာတ်လမ်းတွေ၊ စွန့်စားခန်းတွေ၊ ဟာသ၊ ဆန်းကြယ်လှတဲ့ ဇာတ်အိမ်တို့ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်အလွန်များလျက်ရှိနေပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့အတွက် အကောင်းဆုံးကူညီပေးနိုင်ပါတယ်။ သို့သော်လည်း အချို့လူတွေအတွက်ကတော့ ကိုရီးယားဇာတ်လမ်းတွေကို ကြိုက်ကြပေမယ့် အချိန်ပေးပြီးကြည့်ဖို့အတွက်က မဖြစ်နိုင်ပါဘူး။
တချို့ကိုရီးယားကားတွေက တစ်နာရီနီးပါး ကြာမြင့်ပြီး အပိုင်း ၁၆ ပိုင်းမှ ၂၅ ပိုင်းထိရှိသလို ဒီ့ထက်ပိုရှည်တဲ့ ဇာတ်လမ်းတွဲတွေလည်း ရှိပါသေးတယ်။ ရုပ်ရှင်ကလည်း ကြည့်ချင်၊ အချိန်လည်းမပေးနိုင်ဘူးဆိုသူတွေအတွက် ဒီတစ်ခါမှာတော့ တစ်ရက်တည်းနဲ့ အပြီးကြည့်လို့ရမယ့် ဇာတ်လမ်းကောင်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
Page Turner
Source: Viki
အထက်တန်းကျောင်းသားသုံးဦးဖြစ်ကြတဲ့ Ji Soo, Kim So Hyn နှင့် Shin Jae Ha တို့ဟာ ကိုယ်တကယ်ဘယ်သူဆိုတာရယ်၊ ကိုယ့်ဘဝမှာ ဘယ်အရာတွေက အရေးကြီးဆုံးလဲဆိုတာကို ရှာဖွေရင်းနဲ့ စိတ်ကူးအိပ်မက်အသစ်တွေကို တည်ဆောက်ကြမှာဖြစ်ပါတယ်။ ဒီစိတ်ခံစားချက်ရသအပြည့်ပေးနိုင်တဲ့ ဇာတ်လမ်းလေးကို ကြည့်ရင်းနဲ့ ငိုအားထက်ရယ်အားသန်ဖြစ်နိုင်သလို ကောင်းမွန်တဲ့အရာတွေဟာ ဆိုးရွားတဲ့အခြေအနေတွေကနေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ ယုံကြည်မှုတွေကို အချိန်တိုအတွင်းမှာ ပေးအပ်သွားနိုင်မှာပါ။
Revenge Note
Source: ratudrama.com
အားလုံးရဲ့အပယ်ခံ Ho Goo Hee ရဲ့ ဖုန်းထဲကို လျှို့ဝှက်ဆန်းကြယ်တဲ့ App တစ်ခုရောက်ရှိလာတဲ့အခါမှာတော့ ထိုက်တန်တဲ့လူတွေအား လက်စားချေနိုင်စွမ်းကို ရရှိသွားပါတော့တယ်။ လျှို့ဝှက်မှုတွေ၊ အချစ်ဇာတ်လမ်း၊ ချိုမြိန်တဲ့ လက်စားချေမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီကျောင်းသားဇာတ်လမ်းတိုလေးကိုလည်း စာဖတ်သူတွေ သဘောကျမှာ အသေအချာပါ။
Under the Black Moonlight
Source: Kdramalove.com
Kang Woo (Nam Tae Hyun) နှင့် သူ့ရဲ့ချစ်သူ (Kim Soo Yun) တို့ဟာဆိုရင် တက္ကသိုလ် ပရိဝုဏ်အတွင်းမှာ လူသိများတဲ့အတွဲတစ်တွဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဘဝထဲကို ထူးခြားတဲ့ကျောင်းသားတစ်ယောက်၊ ဝေးလံတဲ့နေရာမှာရှိတဲ့ အိမ်ငယ်လေးတစ်လုံးနဲ့ မိသားစုလျှို့ဝှက်ချက်တွေ ဝင်ရောက်လာတဲ့အခါမှာတော့ နှစ်ဦးသားကိုထိခိုက်အနာတရဖြစ်လာစေနိုင်ပါတယ်။ အကယ်လို့ စာဖတ်သူက ထူးခြားဆန်းပြားပြီး ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီဇာတ်လမ်းတိုလေးက အသင့်တော်ဆုံးဖြစ်မှာပါ။
Splash Splash Love
Source: kultscene.com
ကံလုံးဝမကောင်းတဲ့ အထက်တန်းကျောင်းသူ (Kim Seul Gi) ဟာ ဂျိုဆွန်းခေတ်ကို ပြန်ရောက်သွားပြီးနောက် ပြဿနာပေါင်းစုံကြုံတွေ့နေရပြီး ချောမောခန့်ညားတဲ့ ဘုရင်တစ်ပါး (Yoon Doo Joon) နဲ့တွေ့ဆုံပါတော့တယ်။ နန်းတွင်းဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်ပြီး အချိန်တိုတိုနဲ့ပြီးတဲ့ ဇာတ်ကားလေးကို ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးက အံကိုက်ပါပဲနော်။
The Miracle
Source: scoopnest.com
အမြွှာညီအမနှစ်လို့ဆိုပေမယ့် Si Ah (Nahyun) နှင့် Si Yeon (Hong Yoon Hwa) တို့နှစ်ဦးဟာ တော်တော်ကိုကွာခြားကြပါတယ်။ Si Ah က ချောမောလှပမှုကြောင့် နာမည်ကြီးသလောက် Si Yeon ကတော့ ဆွဲဆောင်မှုသိပ်မရှိသူတစ်ဦးဖြစ်ပါတယ်။ ထိုအခါမှာ ထူးဆန်းတဲ့ ဗေဒင်ဆရာတစ်ဦးက Si Yeon ကို သူ့ညီမနဲ့ ဘဝချင်းလဲဖို့ အခွင့်အရေးပေးလိုက်ရာကနေ တစ်ဦးရဲ့ဘဝအကြောင်းကို သေချာနားလည်သဘောပေါက်သွားကြမှာဖြစ်ပါတယ်။
Rebel Detectives
Source: Soompi
ချောမောပြီး ဥာဏ်ကောင်းတဲ့ အထက်တန်းကျောင်းသားနှစ်ဦး (Ahn Hyeong Seop, Yoo Seon Ho) တို့ကို ရဲတွေက အမှုတွေဖြေရှင်းဖို့အတွက် ခေါ်ဆောင်လိုက်ပါတယ်။ ဒါပေမယ့် ဒီလိုအထက်တန်းကျောင်းသားတွေက အရေးကြီးတဲ့အမှုတွေကို ဖြေရှင်းဖို့အတွက် ဥာဏ်ကောင်းလားမကောင်းလား၊ သူတို့မိဘတွေရဲ့ ရုတ်တရက်ပျောက်ဆုံးသွားမှုတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို ဘယ်လိုဖြေရှင်းသွားနိုင်မလဲ စတဲ့ မေးခွန်းလေးတွေပြည့်နေတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတိုလေးတစ်ခုဖြစ်ပါတယ်။
Wednesday 3:30 PM
Source: aminoapps.com
မိန်းကလေးတစ်ယောက်အနေနဲ့ ရည်းစားဟောင်းကို မမေ့နိုင်တဲ့အခါမှာ ဘာလုပ်ရမလဲ။ သေချာတာတစ်ခုကတော့ သူ့ကို သဝန်တိုအောင်လုပ်ရမှာပါပဲ။ Eun Woo ဆိုတဲ့ကောင်မလေးဟာ ငယ်သူငယ်ချင်းကောင်လေးကို သူမရဲ့ ရည်းစားသစ်အနေနဲ့ သရုပ်ဆောင်ရင်းနဲ့ အချစ်ဟောင်းကို သဝန်တိုအောင်ကြိုးစားနေချိန်မှာ သူမအတွက် တကယ့်အချစ်စစ်က အနားမှာတစ်လျှောက်လုံးရှိနေတာကို နောက်ပိုင်းမှ သဘောပေါက်သွားမှာပါ။
Nightmare Teacher
ဒီကျောင်းတော်ကိုရောက်တဲ့အခါမှာ ဆုတောင်းတာနဲ့ပတ်သက်ပြီး အထူးသတိထားဖို့လိုအပ်ပါတယ်။ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးသွားပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားချိန်မှာ အတန်းခေါင်းဆောင် Kang Ye Rim (Kim So Hyun) နှင့် သူမ၏သူငယ်ချင်း (Lee Minhyuk) တို့က ဒီလျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းဖို့ ကြိုးစားကြပါတော့တယ်။