ကိုယ့်အရှေ့မှာ ဆံပင်ကောင်းတဲ့ ကောင်မလေး၊ ဆံပင်ရှည်လျားဖြောင့်စင်းတဲ့ကောင်မလေးတစ်ယောက် ဖြတ်လျှောက်သွားရင် မိန်းကလေးတို့သဘာဝ အားကျတဲ့မျက်လုံးလေးတွေနဲ့လိုက်ငေးကြည့်မိမှာပေါ့နော်။ သူတို့ဆံပင်ကျတော့ ပိုးသားလေးလိုနူးညံ့နေပြီး ကိုယ့်ဆံပင်ကျတော့ အရောင်ကမွဲခြောက်ခြောက်နဲ့ ကြမ်းနေလို့စိတ်ညစ်ဖူးတယ်မလား။ အခုဖော်ပြမဲ့သဘာဝနည်းလမ်းသုံးမျိုးကို အသုံးပြုပြီးတော့ ကြမ်းထော်နေတဲ့ဆံပင်လေးတွေကို တာ့တာဘိုင်ဘိုင်လို့ နှုတ်ဆက်ပြီးတော့ ပိုးသားလေးလိုနူးညံ့တဲ့ဆံကေသာကို လက်ကမ်းကြိုဆိုလိုက်ရအောင်။

၁။ ရှားစောင်းလက်ပတ်ရည်အသုံးပြုမယ်

လိုအပ်မဲ့ပစ္စည်းတွေကတော့ ရှားစောင်းလက်ပတ်ပင်၊ ရေ လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ စပရေးဘူးတစ်ဘူး။

အရင်ဆုံး ရှားစောင်းလက်ပတ်ကို လှီးဖြတ်ပြီးတော့ အထဲကရှားစောင်းလက်ပတ်ဂျယ်ကို ဇွန်းလေးနဲ့ခြစ်ထုတ်ပါ။ ဂျယ်အတုံးအခဲတွေကို အရည်လေးတွေထွက်တဲ့အထိ ကြိတ်ချေလိုက်ပါ။ ရေ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ရှားစောင်းလက်ပတ်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို စပရေးဘူးထဲထည့်ပြီး လှုပ်ခါပေးပါ။ ခေါင်းလျှော်ပြီးလို့ ဆံပင်ခြောက်သွားပြီဆို ရှားစောင်းလက်ပတ်ရည်နဲ့ ဆံပင်ကို ဖြန်းလိုက်ပါ။ စပရေးဖြန်းပြီးရင်တော့ ဒီအတိုင်းထားလိုက်ပါ။

ဒီနည်းလမ်းလေးကို တစ်ပတ်သုံးကြိမ်ကနေ လေးကြိမ်ခေါင်းလျှော်ပြီးတိုင်း လုပ်ပေးနိုင်တယ်နော်။

၂။ အုန်းဆီ၊ ဒါမှမဟုတ် သံလွင်ဆီနဲ့ အပူပေးပေါင်းတင်မယ်

လိုအပ်မဲ့ပစ္စည်းတွေကတော့ အုန်းဆီ၊ သို့မဟုတ် သံလွင်ဆီလက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းနဲ့ အပူပေးထားတဲ့ မျက်နှာသုတ်ပုဝါတစ်ထည်

အုန်းဆီ (သို့) သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်း ( မိမိဆံပင်အရှည် အထူအပါးပေါ်မူတည်၍) ကို အနည်းငယ်နွေးလာသည်အထိ စက္ကန့်အနည်းငယ်အပူပေးပါ။ နွေးနေတဲ့အုန်းဆီ (သို့) သံလွင်ဆီကို ဦးရေပြားထဲစိမ့်ဝင်အောင် ဆံပင်အနှံ့သုတ်လိမ်းနှိပ်နယ်ပေးပါ။ ၁၅ မိနစ်ခန့် ဦးရေပြားကိုနှိပ်နယ်ပေးပါ။ ပြီးရင် အပူပေးထားတဲ့ ပုဝါနဲ့ ဆံပင်ကိုပတ်ထားပေးပြီး မိနစ်သုံးဆယ်ခန့်ထားရှိပါ။ ပြီးရင် ဆာလဖိတ်မပါတဲ့ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ ဆံပင်ပျော့ဆေးပါသုံးပေးဖို့ မမေ့နဲ့နော်။

ဒီနည်းကို တစ်ပတ်နှစ်ကြိမ်ပြုလုပ်ပေးမယ်ဆို သဘာဝအတိုင်းနူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာကိုရရှိမှာပါ။

၃။ ကြက်ဥနဲ့ပေါင်းတင်မယ်

လိုအပ်တဲ့ပစ္စည်းတွေကတော့ကြက်ဥတစ်လုံး၊သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ခေါင်းစွပ်တစ်ခု

ကြက်ဥတစ်လုံး၊ သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သမအောင်ရောမွှေပြီးရင် ဆံပင်နဲ့ဦးရေပြားအနှံ့ သုတ်လိမ်းပေးပါ။ ဆံပင်အနှံ့သုတ်လိမ်းပြီးပြီဆိုရင် ခေါင်းစွပ်လေးနဲ့ မိနစ်သုံးဆယ်ခန့် အုပ်ထားပေးပါ။ ပြီးရင် ဆာလဖိတ်မပါတဲ့ခေါင်းလျှော်ရည်သုံးပြီး ရေအေးလေးနဲ့ခေါင်းလျှော်ရမယ်။ ဆံပင်ပျော့ဆေးလည်း သုံးဖို့မမေ့နဲ့နော်။

ကြက်ဥမှာပါတဲ့ ပရိုတင်းဓာတ်ဟာဆိုရင် ပျက်စီးနေတဲ့ဆံပင်ကို ပြန်လည်ပြုပြင်ပေးတာဖြစ်တဲ့အတွက် ကြက်ဥနဲ့ပေါင်းတင်တဲ့နည်းကို တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ရရှိမှာအမှန်ပါပဲ။

အခုဆိုရင် ပိုးသားလေးလိုနူးညံ့တဲ့ဆံကေသာရအောင် ဘယ်လိုလုပ်ရလဲဆိုတာ သိပြီဆိုတော့ ဆိုင်သွားပြီး ပိုက်ဆံအကုန်ခံ ဆံပင်ပေါင်းတင်မနေတော့ဘဲ အိမ်မှာပဲကိုယ့်ဘာသာစမ်းကြည့်လိုက်ရအောင်နော်။

Source: www.stylecraze.com

Source:www.urbansalon