လှပတဲ့ဆံသားတွေကိုပိုင်ဆိုင်ရဖို့ဆိုတာက ဆံပင်နဲ့ပတ်သက်ပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့်အရာတွေကို သေချာဂရုတစိုက်နဲ့လုပ်ပေးမယ်ဆိုရင် ကောင်းကျိုးတွေကသင်ကိုယ်တိုင်ပဲရရှိမှာလေ။ ဆံသားလှပဖို့အတွက် ဆံပင်ညှပ်ဆိုင်တွေမှာ ပိုက်ဆံတွေအများကြီးပေးပြီး လုပ်ရင်တော့ရပေမယ့် ပိုက်ဆံကုန်ကျသက်သာပြီး အလှအပနဲ့ပတ်သက်ရင် အကျင့်တစ်ခုလိုဖြစ်လာစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆံသားတွေကိုသန့်ရှင်းနေအောင်ထားပါ

Photo Source: Pexels

တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုတာလည်း အရေးကြီးတဲ့ကိစ္စတစ်ခုပါပဲ။ ခေါင်းလျှော်တာကို ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ ဆံသားတွေကို သန့်ရှင်းအောင်ထားရမယ်ဆိုလို့ နေ့တိုင်းခေါင်းလျှော်နေစရာ၊ တစ်ရက်ခြားတစ်ခါလျှော်နေစရာတော့မလိုပါဘူး။ တစ်ပတ်ကိုနှစ်ကြိမ်လောက် ပုံမှန်လေးလျှော်ပေးလာမယ်ဆိုရင်တော့ ဆံသားလေးတွေက သန့်သန့်ရှင်းရှင်းနဲ့လှပနေမှာပဲဖြစ်ပါတယ်။

အစိုဓာတ်ရရှိအောင်

Photo Source: Be fit and fine

ဆံသားတွေက ခြောက်သွေ့ကြမ်းတမ်းနေမယ်ဆိုရင် ဘယ်လိုမှမလှနိုင်ပါဘူး။ ဆံသားတွေကို ပြောင်ပြောင်လေးနဲ့ အစိုရှိနေတဲ့ပုံလေးဖြစ်နေမှ လှပတဲ့ဆံသားတွေကို ပိုင်ဆိုင်ထားတယ်လို့ ဆိုလို့ရမှာပေါ့။ ဒါကြောင့် Hair Coat လေးကို ခေါင်းလျှော်ပြီးသွားတဲ့အချိန်တိုင်းမှာ လိမ်းပေးမယ်ဆိုရင် နူးညံ့ပြီးချောမွေ့တဲ့ဆံသားလေးတွေကို ပိုင်ဆိုင်ရမှာပါ။

နေပူထဲမှာအကြာကြီးမနေပါနဲ့

Photo Source: Pexels

နေပူထဲမှာအကြာကြီးနေတာမျိုးတွေက ဆံသားတွေကို သိသိသာသာပျက်စီးစေပါတယ်။ နေရောင်ခြည်ဒဏ်တွေက အသားအရေကိုပဲပျက်စီးစေတာမဟုတ်ပဲ ဆံသားတွေကိုလည်း ခြောက်သွေ့ပြီးပျက်စီးလာစေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲကိုသွားမယ်ဆိုရင် ဆံပင်ကိုကာကွယ်ဖို့ထီးလေးတော့ ဆောင်ထားသင့်ပါတယ်နော်။

အပူတွေနဲ့ဆံသားပုံသွင်းတာတွေကို လျော့ပါ

Photo Source: Matrix

ဆံသားတွေကို အပူတွေနဲ့ ဆံပင်ကောက်တာတွေ၊ ဖြောင့်တာတွေကို မကြာခဏလုပ်နေမယ်ဆိုရင် ဆံသားကိုရေဓာတ်ခမ်းခြောက်ပြီး ပျက်စီးမှုတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဆံသားတွေကို အပူတွေနဲ့ပုံသွင်းတာတွေကို ရှောင်နိုင်သလောက်ရှောင်ပါ။ မတတ်နိုင်တဲ့အဆုံးဆိုရင် အပူဒဏ်တွေကိုခံနိုင်စေမယ့် Spray လေးကို အရင်ဆုံးဖြန်းပေးထားလိုက်ပါ။

ဒီအချက်တွေကို သေချာအကျင့်ဖြစ်အောင် ပြင်ဆင်ပြီးနေထိုင်လိုက်မယ်ဆိုရင်တော့ သင့်ဆံသားပျက်စီးတာတွေကို ကာကွယ်သွားနိုင်ပြီး အချိန်တိုတွင်းမှာပဲ လှပတဲ့ဆံသားတွေကို ပိုင်ဆိုင်ရစေမှာပဲဖြစ်ပါတယ်နော်။