ရုရှားနိုင်ငံက ရပန်ဇယ်မလေးလို့ တင်စားခေါ်ဝေါ်ရတဲ့အထိ ဆံကေသာလှပတဲ့ မိန်းမပျိုလေး Anastasiya Sidorova က ထောင်သောင်းမကသော မိန်းကလေးများရဲ့ဆံကေသာလှပဖို့အတွက် ကူညီပေးနေတဲ့ ဆံပင်ပညာရှင်တစ်ယောက်ပါ။ သူမက ဆံကေသာနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကို သူမရဲ့ အင်စတာဂရမ်ပေါ်မှာ အမြဲတမ်းဝေမျှလေ့ရှိပါတယ်။

သူမကမွေးရာပါ ဆံကေသာလှပထူထဲသူတစ်ယောက်တော့ မဟုတ်ပါဘူး။ သူမအသက် ၁၈ နှစ်အရွယ်မှာ ဆံပင်တွေတအားကျွတ်ပြီး ထိပ်ပြောင်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ သူမက စိတ်ဓာတ်ကျအားငယ်ကာ လက်မလျော့ဘဲ ဆံကေသာပြန်လည်ကျန်းမာအောင် အစွမ်းကုန်ကြိုးစားပါတော့တယ်။

သူမရဲ့ကြိုးစားမှုရလဒ်ကတော့ အံ့မခန်းပါပဲ။ နောက် ၅ နှစ်ခန့်အကြာမှာတော့ သူမရဲ့ဆံကေသာက ခါးအထိရှည်လျားသန်စွမ်းလာခဲ့ပြီး Pantene ခေါင်းလျှော်ရည်ကုမ္ပဏီနဲ့တောင် စာချုပ်ချုပ်ဆိုခဲ့ရပါသေးတယ်။ ဒါတင်မကသေးပါဘူး သူမရဲ့အင်စတာဂရမ်မှာဆို ဖော်လိုဝါပေါင်း ၃ သိန်း ၅ သောင်းကျော်ရှိနေပါပြီ။

အရှုံးထဲက အမြတ်လို့ပဲဆိုရမလား သူမရဲ့ရောဂါဝေဒနာက သူမကို အလုပ်အကိုင်ကောင်းတစ်ခုရရှိအောင် အောင်မြင်မှုလမ်းကြောင်းပေါ်တက်လှမ်းနိုင်အောင် ကူညီခဲ့ပါသေးတယ်။

သူမရဲ့ဆံကေသာကျန်းမာသန်စွမ်းမှုရဲ့ လျှို့ဝှက်ချက်လေးက ဘာလဲဆိုတာ စာဖတ်သူတွေလည်း စိတ်ဝင်စားနေကြမယ်လို့ ယုံကြည်မိပါတယ်။ ဒါဆိုရင် အတူတူဆက်ဖတ်ကြည့်ရအောင်နော်။

  • အစားအသောက်ကို အာဟာရမျှတအောင် စားပါ
  • စိတ်ဖိစီးမှုကို တတ်နိုင်သမျှရှောင်ကြဉ်ပါ

  • သင့်ဆံကေသာအမျိုးအစားနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ထုတ်ကုန်ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုပါ
  • တစ်ပတ် ၂ ကြိမ်ခန့် မိမိအိမ်မှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ် ဆံပင်ပေါင်းတင်ပါ

  • သဘာဝအဆီမျိုးစုံ အသုံးပြုပါ။ ထောပတ်သီးအဆီကတော့ ဆံကေသာအတွက် အကောင်းဆုံးပါပဲ။
  • ဆံပင်အဖျားနှစ်ခွဖြစ်ရင် ညှပ်ပစ်ပါ

  • ဆံပင်ကို ပုံမှန်လျှော်ပါ။ လျှော်ပြီးပါက နည်းမှန်လမ်းမှန်နဲ့ ခြောက်အောင်ပြုလုပ်ပါ။ စိုနေတဲ့ဆံပင်တွေကို ၆၀ ရာခိုင်နှုန်းခန့် သူ့ဘာသာသူခြောက်အောင် ပြုလုပ်သင့်ပြီး နောက်မှ ဆံပင်မှုတ်စက်နဲ့ ဘီးကို အသုံးပြုသင့်ပါတယ်။
  • အကယ်၍ သင့်ဆံပင်က ပုံမှန်ထက်ပိုပြီး တအားကျွတ်နေပါက ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်များ ရယူသင့်ပါတယ်။

ပျိုမေလေးတို့လည်း ဆံကေသာမွဲခြောက်ခြောက်ဖြစ်လို့ စိတ်တိုင်းမကျဖြစ်နေတယ်ဆိုရင် စိတ်အားမငယ်လိုက်ပါနဲ့။ ဒီရုရှားမလေးဆို ထိပ်ပြောင်ပြီး ဆံပင်ကျွတ်တဲ့ဝေဒနာခံစားခဲ့ရတာတောင်မှ ရှည်လျားသန်စွမ်းတဲ့ ဆံကေသာကို ပြန်လည်ပိုင်ဆိုင်နိုင်တာ မျက်မြင်ပဲမဟုတ်လား။ ပျိုမေလေးတို့လည်း ဆံပင်ထိန်းသိမ်းစောင့်ရှောက်မှုကို မှန်မှန်ပြုလုပ်မယ်ဆိုရင် ပိုးသားလေးလိုနူးညံ့တောက်ပြောင်တဲ့ ဆံကေသာလေးကို ပိုင်ဆိုင်နိုင်ပါတယ်။

Source: Brightside.me