လူတစ်ယောက် သင့်ကို သတိရအောက်မေ့နေစေမယ့် အချက်တွေထဲမှာ သင့်ရဲ့ ကိုယ်သင်းရနံ့လည်း ပါဝင်ပါတယ်။ သင့်မှာ ကိုယ်ပိုင်ရနံ့ရှိတာက သင့်အကြောင်းကို ပြောပြရာလည်းရောက်ပါတယ်။ ရေမွှေးနံ့သင်းသင်းလေးနဲ့ မိန်းကလေးတစ်ယောက်ကို သတိမပြုမိတဲ့သူဆိုတာ ရှားပါတယ်။ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာလည်း သင့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ မွှေးရနံ့တို့ကလည်း အရေးကြီးပါတယ်။

ရေမွှေးနံ့တွေ အများကြီးပါ။ ဒီလိုအများကြီးထဲကမှ သင်နဲ့လိုက်ဖက်တဲ့ ရေမွှေးနံ့တစ်ခုရှိသင့်ပါတယ်။ ရေမွှေးတစ်ပုလင်းပြီး တစ်ပုလင်း ပြောင်းသုံးနေတာထက် သင့်ကို ကိုယ်စားပြုတဲ့ ရေမွှေးနံ့တစ်မျိုးတော့ ထားရပါမယ်။ တစ်ခါတလေ တစ်မျိုးထဲပဲ သုံးမနေဘဲ သင့်ရဲ့ စိတ်ထဲက သင့်အကြိုက်ရေမွှေးအနံ့က ဘယ်လိုမျိုးလဲ လိုက်ရှာသင့်ပါတယ်။ ဒီနည်းလမ်းတွေနဲ့ ရှာကြည့်ရအောင်နော်။

၁။ သင်အကြိုက်ဆုံးရာသီ

သင်ကြိုက်တဲ့ရေမွှေးနံ့ရှာတဲ့နေရာမှာ အသုံးဝင်တဲ့နည်းလမ်းတစ်ခုကတော့ နှစ်တစ်နှစ်ရဲ့ သင်အကြိုက်ဆုံးရာသီကို ရှာခြင်းပါ။ တစ်ရာသီပြောင်းတိုင်း ရေမွှေးတစ်ပုလင်းပြောင်းစရာမလိုပါဘူး။ သင်က နွေရာသီကို သဘောကျရင် လတ်ဆတ်တဲ့ ပန်းရနံ့မျိုးသုံးသင့်ပါတယ်။ သင်က ဆောင်းဥတုကို သဘောကျရင် နွေးထွေးတဲ့အချိန်ကို သတိရစေမယ့် အနံ့မျိုးကို ရှာသင့်ပါတယ်။

၂။ မကြာခဏအနံ့ပြောင်းခြင်း

သင့်ကို ကိုယ်စားပြုတဲ့ရေမွှေးနံ့တစ်မျိုးဆိုလို့ တခြားဟာတွေဘယ်တော့မှ မဆွတ်ရဘူးလို့မဆိုလိုပါဘူးနော်။ ရေမွှေးအနံ့တစ်ခုပြီး တစ်ခု စမ်းသုံးကြည့်ခြင်းက နှိုင်းယှဉ်ရာရောက်သလို သင်ဘယ်အနံ့ကို အကြိုက်ဆုံးလဲ သိဖို့ကူညီပေးပါတယ်။

၃။ လေ့လာပါ

သင် ကြိုက်တဲ့ရေမွှေးနံ့ရှာဖွေရာမှာ ရေမွှေးအကြောင်းသိအောင် ပြုလုပ်ထားသင့်ပါတယ်။ ရေမွှေးပုလင်းတွေမှာ ရေးထားတဲ့ Eau De Parfum နဲ့ Eau De Toilette မတူပါဘူး။ Eau De Parfum လို့ပုလင်းမှာ ရေးထားရင် Eau De Toilette ထက် အနံ့ပိုပြင်းပါတယ်။ ဒါကြောင့်သင့်အပေါ်မူတည်ပါတယ်။ သင်က ရေမွှေးနံ့ကို တစ်ခါ ဆွတ်ထားပြီး တစ်နေ့လုံးစွဲနေစေခြင်းလား၊ ဒါမှမဟုတ် ခဏခဏဆွတ်ရတာသဘောကျလား ရွေးချယ်ရပါမယ်။

၎။ သင့်ကို ကိုယ်စားပြုပါစေ

လူတွေတော်တော်များများ ဒီရေမွှေးကိုသုံးလို့ဆိုပြီး အဲ့ရေမွှေးကို ငါလည်းကြိုက်မှာပဲဆိုပြီး မရွေးလိုက်ပါနဲ့။ လူတွေကြိုက်ရာနောက် သိပ်မလိုက်ဘဲ သင့်အကြောင်းပြောပြနေတဲ့ရေမွှေးမျိုးရှာရပါမယ်။ ဥပမာ သင်က နှင်းဆီပန်းကိုကြိုက်တယ်ဆိုရင် နှင်းဆီပန်းနံ့ ရေမွှေးသုံးတာမျိုးပေါ့။ သူများပြောတာထက် ကိုယ်တကယ်ကြိုက်တဲ့အနံ့မျိုးကိုပဲ ရွေးသင့်ပါတယ်။

၅။ အချိန်ပေးပါ

ရေမွှေးနံ့က ပထမဆုံးဆွတ်တာနဲ့ နောက်ထွက်လာမယ့် အနံ့တူချင်မှတူတာပါ။ ဒါကြောင့် ရေမွှေးတစ်ပုလင်းဈေးကြီးကြီးပေးမဝယ်ခင် နည်းနည်းလေးစမ်းကြည့်ပါ။ တစ်နာရီနှစ်နာရီကြာပြီးနောက် အဲ့အနံ့ကို သင်ကြိုက်သေးလား ဆန်းစစ်ပါ။ ရေမွှေးက သင့်အသားထဲစိမ့်ဝင်ပြီး မွှေးဖို့ အချိန်ပေးရပါတယ်။ အနံ့ပြောင်းသွားလို့ သင်ကြိုက်ရင်တော့ အဲ့ရေမွှေးကို ရွေးနိုင်ပါပြီ။

၆။ လူတွေရဲ့အမြင်က အနည်းအကျဉ်းပဲ အသုံးဝင်တာပါ

ရေမွှေးတစ်ပုလင်းတည်းကိုတောင် လူနှစ်ယောက်ဆွတ်ရင် တစ်ယောက်နဲ့တစ်ယောက် အနံ့မတူနိုင်ပါဘူး။ ဒါကြောင့် သင် ကြိုက်တဲ့ရေမွှေးအနံ့ကို တွေ့ရက်နဲ့ သင့်သူငယ်ချင်းက ခြင်ဆေးခွေနံ့နဲ့ တူတယ်ပြောလို့ အဲ့ရေမွှေးကို မပယ်လိုက်ပါနဲ့။ သင့်ကို စိတ်ချမ်းမြေ့စေပြီး သင်တကယ်ကြိုက်တဲ့အနံ့မျိုးကို ရှာဖွေသင့်ပါတယ်။ သင်သဘောကျတဲ့ လူတစ်ယောက်ယောက်က ဒီအနံ့ကို ကြိုက်လို့ဆိုပြီး ဆွတ်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး။ ဒါက သင့်ကို ပျော်ရွှင်ကျေနပ်မှုမပေးနိုင်ပါဘူး။

၇။ သင့်ရဲ့ ရင့်ကျက်မှုကို အလေးထားပါ

သင်ငယ်ငယ်က ကြိုက်ခဲ့တဲ့အနံ့ကို အခုအချိန်မှာ ကြိုက်ချင်မှ ကြိုက်တော့မှာပါ။ သင့်အကြိုက်ကို နှစ်တိုင်း စစ်ဆေးပေးပါ။ သင့်အကြိုက်ကို သိဖို့ ရေမွှေးဆိုင်တွေသွားပြီး တစ်ခုပြီးတစ်ခု စမ်းကြည့်သင့်ပါတယ်။ ဒီလိုလုပ်ပေးရင်တော့ သင့်ကို ကိုယ်စားပြုနေတဲ့ ရေမွှေးတစ်မျိုးကို ရှာတွေ့မှာ အသေအချာပါပဲ။

Source: Allwomenstalk.com

By MyStyle Myanmar