သွေးစုတ်ခြင်းလုပ်ငန်းကို ခြင်မ တွေပဲ တာဝန်ယူပေမယ့် နားထဲ တဝီဝီအသံပေးတာကိုတော့ အမ ရော အထီးပါ ပြုလုပ်နိုင်ပါတယ်။ သူတို့မှာ သင့်ကို နားငြီးအောင် လုပ်မယ်ဆိုတဲ့ ဆန္ဒနဲ့ တဝီဝီလုပ်ခြင်းမဟုတ်ပါဘူး။ သူတို့ ဒီလိုလုပ်ရခြင်း အကြောင်းအရင်းခိုင်ခိုင်မာမာရှိပါတယ်။ ဘာကြောင့်လဲ ကြည့်လိုက်ရအောင်နော်-

၁။ နားချေးက သူတို့အတွက် ဆွဲဆောင်မှုတစ်ခု

သုတေသန လေ့လာချက်တစ်ခု အရ ခြင်တွေဟာ ခန္ဓာကိုယ်ရဲ့ အနံ့ထွက်တဲ့ နေရာတွေကို ပိုသဘောကျကြပါတယ်။ ကျွန်မတို့ အိပ်တဲ့အချိန် စောင်နဲ့ ဖုံးတတ်တာကြောင့် မျက်နှာပဲ လွတ်ကျန်ခဲ့တတ်ပါတယ်။ နားက ခန္ဓာကိုယ်ရဲ့ အညစ်ပတ်ဆုံး အစိတ်အပိုင်းတွေထဲ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ခြင်တွေက နားရွက်အနားမှာ တဝဲလည်လည် လုပ်နေတတ်ကြတာပါ။

၂။ အသံက တောင်ပံကလာတာ

သင့်စိတ်ထဲ ခြင်တွေက အော်ပြီး သီချင်းဆိုနေတာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမှန်တော့ သူတို့က အသံမထုတ်လုပ်နိုင်ပါဘူး။ သူတို့ရဲ့ တောင်ပံခတ်နှုန်းဟာ ၁ စက္ကန့်မှာတင်ပဲ အခါ ၂၅၀ လှုပ်ခတ်ပြီးပါပြီ။ ခြင်တွေဟာ ဒီအသံနဲ့ပဲ မိတ်လိုက်ဖော် မိတ်လိုက်ဘက် ရှာတတ်ပါသေးတယ်။

၃။ ခန္ဓာကိုယ်အပူက ဆွဲဆောင်တာပါ

ခြင်မတွေဟာ သူတို့ ဥအတွက် အစာရှာရာမှာ လူတွေကို ရှာဖွေတဲ့အချိန် အပူချိန်နဲ့ ချွေးကတစ်ဆင့် ရှာဖွေပါတယ်။ ကျွန်မတို့ ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်က ခြင်တွေကို ဖိတ်ခေါ်ရာ ရောက်ပါတယ်။ အသက်ရှူပေါက်က အပေါ်ပိုင်းမှာရှိတာမို့ နားရွက်နား လာဖို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။

အသံမကြားရအောင် ဘယ်လိုရှောင်မလဲ

  • ခြင်တွေက မှောင်တဲ့အရောင်တွေဆီ ပိုကပ်တာမို့ အရောင် လင်းလင်းလေးတွေ ဝတ်ပေးပါ။
  • ချွေးတွေမရှိဖို့ ရေချိုးပြီးမှ အိပ်ပါ။
  • ဘီယာသောက်တာ ရှောင်ပေးပါ
  • လေတိုက်နှုန်းများတဲ့ ပန်ကာအောက်မှာ အိပ်ပါ
  • Lavender, Rosemary, တောနှံပင် စတဲ့ အပင်တွေကို အခန်းထဲ စိုက်ထားပေးပါ။ ဒီအပင်တွေက သဘာဝ ခြင်ပြေးဆေးတွေဖြစ်ပါတယ်။

Source: Brightside.me

By MyStyle Myanmar