စိန်ခေါ်မှုတွေ ကြုံတဲ့အခါ ပျားတစ်ကောင်လို စဉ်းစားဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့အားလုံး အာဟာရအလို့ငှာ ပျားရည်သောက်သုံးခဲ့ဖူးပေမယ့် ပျားတစ်ကောင်ဆီက အတုခိုးဖို့တော့ တွေးမိသူ နည်းပါလိမ့်မယ်။

ပျားတစ်ကောင်ရဲ့ ဘဝသက်တမ်းဟာ သိပ်ကို တိုတောင်းပါတယ်။ ဥကနေ သားလောင်း ၊ သားလောင်းကနေ သားပေါက်မှ ပျားဘဝကို ရောက်တာ ဖြစ်ပြီး ပျားအုံတစ်အုံမှာ ပျားထီး (အိမ်ပျား) ၊ လုပ်သားပျား (ပျားမ) နဲ့ ပျားဘုရင်မဆိုပြီး ရှိပါတယ်။ လုပ်သားပျားတစ်ကောင်ရဲ့ ပုံမှန်သက်တမ်းဟာ ၄ ပတ်ကနေ ၈ ပတ်အထဲပဲ ရှိပါတယ်။

Photo: Forbes

ကျွန်တော်တို့ လူ့သက်တမ်း နှစ် ၇၀-၈၀ နဲ့ စာရင် တိုတောင်းလှတဲ့ ဒီဘဝလေးမှာ အင်မတန်အလုပ်လုပ်လှတဲ့ လုပ်သားပျားတစ်ကောင်ဟာ သူ့ဘဝတစ်လျှောက် လက်ဖက်ရည်တစ်ဇွန်းရဲ့ ၁၂ ပုံ ၁ ပုံစာပဲ ပျားရည်ရှာပေးနိုင်ပါတယ်။ ပျားထီးတွေနဲ့ ပျားဘုရင်မကတော့ ပျားမျိုးဆက်ပြန့်ပွားဖို့ တာဝန်ယူတာပါ။

ပျားထီးတွေဟာ ပျားဘုရင်မနဲ့ မိတ်လိုက်ဖို့အပြင် ပျားအုံအတွင်း အပူချိန်မှန်ကန်စေဖို့ တောင်ပံတွေကို ပန်ကာလို ယပ်ခတ်ပေးရတဲ့ အလုပ်လည်း လုပ်ရပါတယ်။ ပျားဘုရင်မကတော့ နေ့တိုင်းမှာ ထောင်နဲ့ချီတဲ့ ဥတွေ အုချရပါတယ်။ ဒါပေမဲ့ ဘယ်ပျားမှ သူတို့လုပ်ရမယ့်အလုပ်တာဝန်ကို မခိုမကပ်တတ်ပါဘူး။

သူတို့ကြိုးကြိုးစားစား ရှာသမျှ ပျားရည်စက်လေးတွေကို ကိုယ်ကျိုးအတွက် မသုံးတတ်ပါဘူး။ သူတို့ရဲ့ တစ်သက်တာလုပ်အားကို မျိုးဆက်သစ်လေးတွေ ရှင်သန်ရေးအတွက် အသုံးချပါတယ်။ ပျားအုံအတွင်းက ပျားအိမ်တွေမှာ ဥတွေ ပြည့်သွားလို့ ပျားဘုရင်မအတွက် ဥချစရာနေရာမကျန်တော့ရင်တော့ နောက်ထပ် ရှင်သန်ဖို့ နေရာသစ်ကို ရှာရပါတော့တယ်။

မျိုးဆက်ရှင်သန်ရေးအတွက် သစ်ပင်ဟောင်း ၊ နေရာဟောင်းကို စွန့်ပြီး နေရာသစ်ရှာဖွေဖို့ ပျားတချို့က ဆက်လက်နေထိုင်နိုင်မယ့် ရေကြည်ရာ မြက်နုရာရှိမယ့် အရပ်မျက်နှာအသီးသီးကို ဖြန့်ပြီး ရှာဖွေကြပါတယ်။ ရှင်သန်ဖို့ နေရာကောင်းတွေ့ချိန်မှာ တစ်အုံလုံး နေရာရွှေ့ပြောင်းပြီး အသက်ဆက်ရပါတယ်။

Photo: Medium

ဒီတော့ ကျွန်တော်တို့ ပျားတွေဆီက ဘာတွေ သင်ယူလို့ ရနိုင်သလဲ….

  • တစ်ချိန်မှာ တစ်ရက်စာ နေထိုင်မှုနဲ့ တန်ဖိုးထား နေထိုင်ဖို့ ကြိုးစားပါ
  • ကိုယ်ယုံကြည်တာကို လုပ်ဆောင်တာ မှန်တဲ့အရာ ဖြစ်ပါတယ်
  • ကိုယ့်လုပ်အားက သေးသေးလေးဖြစ်ဖြစ် လက်မလျှော့လိုက်ပါနဲ့
  • ကိုယ်နဲ့အတူ တခြားသူတွေ လက်တွဲပါဝင်လာအောင် လှုံ့ဆော်ပါ။ မိသားစုနဲ့ မိတ်ဆွေစိတ်အပြည့်ရှိလေလေ အရာရာကို အတူတူ ရင်ဆိုင်နိုင်လေလေလေပါပဲ
  • ကိုယ့်အကျိုးပဲ မစဉ်းစားပါနဲ့။ ရည်ရွယ်ချက်အကြောင်း တွေးပါ။ မျိုးဆက်အတွက် လက်ဆင့်ကမ်းနိုင်သူ ဖြစ်ပါစေ
  • ဘယ်လောက်ပဲ သေးငယ်သည်ဖြစ်စေ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။